အာကာသပြတိုက် (ရန်ကုန်) တွင် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲများ ကျင်းပမည်

ဒဂုံ ဖေဖော်ဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ရင်ပြင်၊ အာကာသပြတိုက် (ရန်ကုန်) တွင် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများကို ယခုလ ၂၇ ရက်နေ့မှ မတ်လ ၁ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အာကာသဆိုင်ရာပြိုင်ပွဲများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာအာကာသအေဂျင်စီနှင့် အာကာသပြတိုက် (ရန်ကုန်) တို့မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ယခုလ ၂၇ ရက်နေ့တွင် အခြေခံပညာ အထက်တန်းအဆင့် (Grade 10 - Grade 11) ပြိုင်ပွဲများကိုလည်းကောင်း၊ ၂၈ ရက်နေ့တွင် အခြေခံပညာမူလတန်းအဆင့် (Grade 1 - Grade 5) ပြိုင်ပွဲများကိုလည်းကောင်း၊ မတ်လ ၁ ရက်နေ့တွင် အခြေခံပညာအလယ်တန်းအဆင့် (Grade 6 - Grade 9) ပြိုင်ပွဲများကိုလည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ပန်းချီပြိုင်ပွဲနှင့် ပိုစတာပြိုင်ပွဲများကို နံနက် ၈ နာရီမှ ၁၁ နာရီ အချိန်အထိ၊ ကာတွန်းပြိုင်ပွဲကို နံနက် ၈ နာရီမှ ၁၀ နာရီအချိန်အထိ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ယခုကျင်းပမည့် အာကာသဆိုင်ရာပြိုင်ပွဲ၌ ပြိုင်ပွဲဝင်ဦးရေ ခြောက်ထောင်ကျော် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ ပြိုင်ပွဲဝင်အများဆုံး အခြေခံပညာအဆင့် ပြိုင်ပွဲတစ်ခုဖြစ်ကြောင်းနှင့် ထူးချွန်ဆုရရှိသူများအား မတ်လ ၄ ရက်နေ့တွင် ဆုချီးမြှင့်ပွဲအခမ်းအနားဖြင့် ဆုများချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်သူဟိန်း (ပြန်/ဆက်)