လိပ်သို ဖေဖော်ဝါရီ ၁၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ပတ်ဝန်းကျင်ရှိ ကျေးရွာအများအပြားတွင် ယခုအချိန် ရာသီပေါ်သီးနှံတစ်ခုဖြစ်သော မရမ်းသီးများကို ဒေသခံများက ဆွတ်ခူးရောင်းချရာတွင် ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ဈေးကောင်းရရှိနေကြောင်း သိရသည်။
လိပ်သိုဒေသတွင် သာမိုးတောင်၊ ကော်ပတ်ခြံ၊ မြသာကုန်း အစရှိသည့် ကျေးရွာများ၌ မရမ်းသီးများထွက်ရှိပြီး မရမ်းသီးကင်းများကို ဝယ်ရောင်းသူပွဲစားများက ကျေးရွာများသို့ သွားရောက်၍ လိုက်လံဝယ်ယူလျက်ရှိရာ မရမ်းသီးအကင်း တစ်ဆယ်သားလျှင် (၁၅၀၀)ကျပ်၊ အလတ်စားတစ်ဆယ်သားလျှင် (၁၂၀၀) ကျပ်အထိ ဈေးရရှိကြောင်း သိရသည်။
အဆိုပါ မရမ်းသီးများအား ဟင်းအဖြစ်မျှင်ငပိနှင့် ရော၍ ကြော်စားနိုင်သလို ပါးပါးလှီး၍ အစိမ်းလည်းသုပ်စားပြီး ထမင်းဖြင့် တွဲဖက်စားနိုင်သဖြင့် နှစ်ခြိုက်စွာ ဝယ်ယူစားသုံးသူ များပြားလျက်ရှိကြောင်း သိရသည်။
နော်ဖလောရင်း