ပြည် ဖေဖော်ဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက အခြေခံတရုတ်စာသင်တန်းဖွင့်လှစ်ရာ ပြည်မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၂၁ ဦး တက်ရောက်သည်။
သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက အခြေခံတရုတ်စာ ဗျည်းအက္ခရာနှင့် သရအက္ခရာရေးသားနည်း၊ အသံထွက်နည်း၊ အခေါ်အဝေါ်နှင့် အဓိပ္ပါယ်သတ်မှတ်ချက်များအပါအဝင် အခြေခံတရုတ်စာနှင့် ဘာသာစကားဆိုင်ရာအရေး၊ အဖတ်နှင့် ပြောဆိုနည်းများကို ပါဝါပွိုင့်များ၊ ဗီဒီယိုကလစ်များဖြင့် စနစ်တကျ စာတွေ့/ လက်တွေ့ သင်ကြားပို့ချပေးရာ သင်တန်းသား၊ သင်တန်းသူများက သိလိုသည်များ ပြန်လည် မေးမြန်းဆွေးနွေးကြသည်။
အဆိုပါသင်တန်းကို ဖေဖော်ဝါရီ ၁၈ ရက်မှ မတ် ၁၉ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ပြီး နွေရာသီကျောင်းပိတ်ရက်ရှည်ကာလတွင် အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား အသိပညာ၊ အတတ်ပညာများ လေ့လာဆည်းပူးခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ လူမှုဆက်ဆံရေးနှင့် ဘာသာစကားဆိုင်ရာ အသိပညာဗဟုတများ တိုးပွားရရှိစေရန်၊ မိခင်ဘာသာစကားအပြင် နိုင်ငံရပ်ခြားဘာသာစကားများကိုပါ ကျွမ်းကျင်တတ်မြောက်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)