ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက နွေရာသီကာလ ကလေးများ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် အားကစားကို ပိုမိုစိတ်ပါဝင်စားလာစေရန်တို့အတွက် ရည်ရွယ်ဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းများကို၊ မြို့နယ်အားကစားကွင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက ဖွင့်လှစ်ပေးလျက်ရှိသည့် နွေရာသီ အားကစားသင်တန်းများမှာ ကရာတေး၊ ဘောလုံးနှင့် Physical Fitness Daance တို့ဖြစ်ပြီး၊ မြို့နယ်အားကာမှူး ဦးအောင်ကိုကိုလတ်က နည်းပြအဖြစ် တာဝန်ယူတားထားသည့် ကရာတေအားကစားနည်းတွင် သင်တန်းသား/သင်တန်းသူ ၃၀ ဦး၊ နည်းပြ ဦးသန်းစိုး တာဝန်ယူထားသည့် ဘောလုံးအားကစားနည်းတွင် သင်တန်းသား ၄၀ ဦးနှင့် နည်းစနစ်မှူး ဒေါ်ဝင်းမင်းသန်း နည်းပြတာဝန်ယူထားသည့် Physical Fitness Daance တွင် သင်တန်းသူ ၂၀ ဦးတို့ဖြင့် (၁၄-၂-၂၀၂၆)ရက်နေ့၊ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ပေးနေခြင်းသည်။ “ကျောင်းသားတွေကို အချိန်ကို တန်ဖိုးရှိရှိ အသုံးချနိုင်စေဖို့နဲ့ အားကစားကို လူငယ်တွေ ပိုမိုစိတ်ပါဝင်စားလာစေချင်တဲ့ ရည်ရွယ်ချက်တွေနဲ့ နှစ်စဉ်နှစ်တိုင်း နွေရာသီအားကစားသင်တန်းတွေကို ကျောင်းပိတ်တာနဲ့ တစ်ပြိုင်နက် ဖွင့်လှစ်ပေးခဲ့တာပါ။ အခုက သင်တန်းအစဆိုတော့ သင်တန်းသားက မစုံသေးပါဘူး…။ ဒါပေမဲ့ နေ့စဉ် သင်တန်းသားဦးရေ တိုးနေတာပါ..။ သင်တန်းကာလကိုတော့ တစ်လသတ်မှတ်ထားပါတယ်… ဒီလ ၁၄ ရက်နေ့က စဖွင့်ပြီး၊ မတ်လ ၁၅ ရက်နေ့ဆိုရင် သင်တန်းပြီးမှာပါ”ဟု မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုလတ်က ပြောပါသည်။
နေအောင်(ပြန်/ဆက်)