မြစ်သားမြို့နယ်၌ ဆောင်းသီးနှံကုလားပဲများ စတင်ရိတ်သိမ်းနေပြီး စျေးကောင်းရရှိ

မြစ်သား ဖေဖော်ဝါရီ ၁၈

မန္တလေးတိုင်း‌ဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကုလားပဲသီးနှံ (၂၂၈၀၀) ဧက လျာထားစိုက်ပျိုးခဲ့ပြီး သီးနှံအထွက်နှုန်း တိုးတက်စေရန် လိုအပ်သော သွင်းအားစုများ ထည့်သွင်းခြင်းနှင့် ပိုးမွားရောဂါ မကျရောက်စေရန် ကြိုတင်ကာ ကွယ်နှိမ်နင်းခြင်းလုပ်ငန်းများကို ဒေသခံ‌တောင်သူများမှ အားသွန်ခွန်စိုက် ကြိုးပမ်း‌ဆောင်ရွက်ခဲ့ကြရာ ယခုအခါ ဆောင်းသီးနှံကုလားပဲများ စတင်ရိတ်သိမ်းလျက် ရှိပြီးစျေးကောင်းရနေကြောင်း သိရသည်။

မြစ်သားမြို့နယ်၌ ဆောင်းသီးနှံ ကုလားပဲစိုက်ပျိုးပြီး ပြည်ပပို့ကုန်ပဲမျိုးစုံ တိုးတက်တင်ပို့နိုင်ရေး ဆောင်ရွက်နေသည့် မြို့နယ်တစ်ခုဖြစ်ကြောင်း သိရသည်။ ယခုအချိန်တွင် ကုလားပဲစိုက်ခင်းများ အပင်ဖြစ်ထွန်းမှုအားကောင်းပြီး ပိုးမွှားရောဂါများ ကျရောက်မှုမရှိကြောင်း၊ အောက်တိုဘာလက စိုက်ပျိုးထားသည့် ကုလားပဲခင်းများ စတင်ရိတ်သိမ်းနေပြီး အထွက်နှုန်း ၁ ဧက ၂၂ တင်း ထိထွက်ရှိကြောင်း၊ ယခုအချိန် ကုလားပဲရေဆင်း ၃ တစ်တင်း ၇၀၀၀၀ ကျပ်၊ ရေဆင်း ၈ တစ်တင်း ၈၃၀၀၀ ကျပ်အထိရရှိကြောင်း၊ ၁  ဧက လျှင်ကုန်ကျ စရိတ် ၃ သိန်းကျပ်ခန့်ရှိပြီး အမြတ်ငွေ ၁၀ သိန်းကျပ်မှ ၁၅ သိန်းကျပ်အထိရရှိကြောင်း၊ ကုလားပဲစိုက်ပျိုးရာ တွင် ယူရီးယား ဓာတ်မြေသြဇာနှင့် စိုက်ပျိုးရေးနည်းပညာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကူညီပံ့ပိုး ပေးကြောင်း  ကုလားပဲစိုက်ပျိုးသည့် တောင်သူတစ်ဦးထံမှ သိရသည်။

မြစ်သားမြို့နယ်၌ ကုလားပဲ ရေဆင်း  ၃၊ ၆၊ ၈၊ ၁၁၊ ၁၂ မျိုးများကို စိုက်ပျိုးကြပြီး   ယခင်မျိုးစေ့ထုတ်တောင်သူများထံမှ မျိုးများကို တောင်သူဖလှယ်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ ကုလားပဲအား အတန်းလိုက်စနစ်နှင့် ကြဲပက်စနစ် နှစ်မျိုး စိုက်ပျိုးကြကြောင်း၊ အတန်းလိုက်စိုက်ပျိုးခြင်းဖြင့် အပင်ပြုစုထိန်းသိမ်းရန်လွယ်ကူခြင်း၊ မျိုးစေ့နှုန်းထား သက်သာခြင်း၊ လေဝင်လေထွက် ကောင်းမွန်၍ ပိုးမွှားရောဂါများ ကာကွယ်နှိမ်နင်းရန် လွယ်ကူခြင်း၊ အပင်ဦးရေပြည့်မီခြင်း၊ အထွက်နှုန်းကောင်းခြင်း စသည့် အားသာချက်များရှိသဖြင့် အတန်းလိုက်စနစ်ကို ပိုမိုစိုက်ပျိုးလာကြကြောင်း သိရသည်။

ယခုနှစ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပညာပေးထားသည့် တောင်သူများကိုယ်တိုင် ပြုလုပ်သုံးစွဲနိုင်ပြီး ကုန်ကျစရိတ် သက်သာသော သဘာဝပိုးမွှားရောဂါ ကာကွယ်ဆေးများသုံးစွဲမှု ပိုမိုများပြားလာကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံ သိရသည်။

ဝါဝါမြင့်(မြစ်သား)