မိုးနဲ ဖေဖော်ဝါရီ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ရှိ ဆိုင်းဖယ်ကျေးရွာတွင် ဆောင်းနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ခူးဆွတ်ရိတ်သိမ်းချိန်တွင် နေကြာအောင်စေ့များရရှိရန်နှင့် ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း အဆိုပါကျေးရွာနေ ဆောင်းနေကြာ စိုက်ပျိုးတောင်သူ ဦးကျော်လတ်က ပြောကြားခဲ့သည်။
မိုးနဲမြို့နယ်တွင် ဆီထွက်သီးနှံဆောင်းနေကြာကို ယခင်ကစိုက်ပျိုးသူနည်ပါးသော်လည်း ယခုအခါစားသုံးဆီဖူလုံရေး၊ မိသားစုအပိုဝင်ငွေရရှိရေးအတွက် စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ နေကြာသီးနှံကို သီးထပ်၊ သီးညှပ်စိုက်ပျိုးကြသည့်အပြင် နေကြာတစ်မျိုးထဲစိုက်ပျိုးကြသည်များလည်းရှိကြောင်း၊ ဆောင်းနေကြာစိုက်ပျိုးခြင်းကို နိုဝင်ဘာလတွင် ကြဲပက်စိုက်ပျိုးကြကြောင်း၊ နေကြာသက်တမ်းလေးလကြာလျှင် ရင့်မှည့်ခူးဆွတ်ကြရပြီး ယခုနှစ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှလည်း ရေဆင်း-၁ စပ်မျိုးနေကြာ မျိုးကောင်းမျိုးသန့်များကို တိုးတက်စိုက်ပျိုးနိုင်ရန်အတွက် တောင်သူများလက်ဝယ်အရောက် နေကြာမျိုးစေ့များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း၊ ထွက်ရှိလာသည့် နေကြာများကို မိမိတို့အရပ်ဒေသရှိ ကြိတ်စက်များဖြင့်ကြိတ်ကာ နေကြာဆီအဖြစ် မိမိတို့နေအိမ်မိသားစုစားသုံးဆီအပြင် ပြန်လည်ရောင်းချရာတွင်လည်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ယခုနှစ်တွင် ဆောင်းနေကြာကို မြို့နယ်ရှိ ဆိုင်းဖယ်ကျေးရွာ၊ မယ်ဇလီမြိုင်ကျေးရွာ၊ ဝမ်ဟေကျေးရွာနှင့် နမ့်မော်ဆွမ့်ကျေးရွာတို့တွင် အများဆုံးစိုက်ပျိုးကြပြီး ဆောင်းသီးနှံနေကြာ ၃၂၈ ဧကကျော် စိုက်ပျိုးထားရှိပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှလည်း နည်းပညာနှင့် သွင်းအားစုများကို လိုအပ်သလို ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)