သုံးခွ ဖေဖော်ဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ဦးဆောင်မှုဖြင့် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်သည့် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်နိုင်ရေး ပညာပေးကွင်းသရုပ်ပြပွဲကို သိုက်တူးကန်ကျေးရွာ တောင်သူဦးမောင်မြင့်၏ ကွင်း၊ ဦးပိုင်အမှတ် -၈၄၆ ၊ A, ၁၅ /၂ ပဲတီစိမ်း ၁၀ ဧက စိုက်ခင်းရှိ တောင်သူပညာပေးခန်းမတွင် ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဇော်လင်းက ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးအတွက် ပညာပေးစံပြကွက် ဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားရာတွင် တောင်သူများအနေဖြင့် မိမိတို့၏စိုက်ခင်းတွင် ပိုးမွှားရောဂါကျရောက်မှုအား အမြဲမပြတ် ကြိုတင်စစ်ဆေးခြင်း၊ အပင်သက်တမ်းအလိုက် ကျရောက်တတ်သော ဖျက်ပိုးများအား ဘက်စုံကာကွယ်နှိမ်နင်းနည်းများအသုံးပြု၍ ကာကွယ်နှိမ်နင်းခြင်း၊ ပိုးသတ်ဆေးကို လိုအပ်မှသာအသုံးပြုခြင်း စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တောင်သူဦးမောင်မြင့်က စတင်စိုက်ပျိုးသည်မှ ရိတ်သိမ်းချိန်အထိ ဆောင်ရွက်မှုအဆင့်တိုင်း မှတ်တမ်းထားရှိပြီး ဆောင်ရွက်ခဲ့ပုံအဆင့်ဆင့်ကို ရှင်းလင်းဆွေးနွေးပြီးနောက် တက်ရောက်လာသူများအား နည်းပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။
ထွက်ရှိလာသော သီးနှံများ၏ ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှုအား စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ၏ ISO/ IEC 17025 နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် ရရှိထားသော စိုက်ပျိုးရေးထွက်ကုန်များ စစ်ဆေးရေးဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ ပညာပေးစံပြကွက်များအား တိုင်းဒေသကြီးနှင့်ပြည်နယ် (၇)ခုတို့တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်