ကျောက်ဆည် ဖေဖော်ဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် မှိုင်းပန်ကျေးရွာ၌ တောင်သူ ဦးမွှေး စိုက်ပျိုးထားသော ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မှိုင်းပန်ကျေးရွာမှ တောင်သူအများစုသည် ယာမြေအများစုပိုင်ဆိုင်ကြပြီး သီးနှံများစိုက်ပျိုးရာ၌ မိုးရေနှင့် မြေအောက်ရေကို အဓိကထား စိုက်ပျိုးရသည့်အတွက် ပဲမျိုးစုံ၊ ဆီထွက်သီးနှံမျိုးစုံ၊ ကြက်သွန်ဖြူ/နီ၊ ကျွဲနွားစာနှင့် ဝါသီးနှံများကို အဓိကထားစိုက်ပျိုးကြပြီး ဝါသီးနှံ ၁၁၉၄ ဧက စိုက်ပျိုးထားကြောင်းနှင့် ဖူးစားပြောင်း ၆၆ ဧက၊ မြေပဲ ၁၈၉ ဧက၊ နှမ်း ၁၈၉၊ နေကြာ ၇၇၇ ဧက၊ ပဲတီစိမ်း ဧက ၄၃၀ ၊ ကုလားပဲ ၆၆၂ ဧက၊ ပဲကြား ၆၂ ဧက၊ အခြားပဲ ၂၆၄ ဧက၊ ငရုတ် ဧက ၅၀ ၊ ကျွဲနွားစာ ၂၀၉ ဧက၊ ဟင်းသီးဟင်းရွက် ၁၅၃ ဧက စိုက်ပျိုးထားကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်၌ မိုးနှောင်းဝါသီးနှံများကို ဇူလိုင်လလယ်မှ ဩဂုတ်လအလယ်ထိ စိုက်ပျိုးကြပြီး စိုက်ပျိုးရာ၌ အထွက်နှုန်းကောင်းမွန်ရေး ထယ်ရေးနက်နက်၊ ထွန်ရေးညက်ညက်၊ သဘာဝနွားချေး မြေဩဇာ နွားလှည်း ၁၀ စီးနှင့် မြေပြုပြင်ပြီး တစ်ဧက သတ်မှတ်အပင်ဦးရေ ပြည့်မီအောင် တစ်ကျင်းနှင့်တစ်ကျင်း ၃ ပေအကွာ စိုက်ပျိုးကြကြောင်း၊ အပင်သက်တမ်း ၁၈ ရက်မှ ၂၁ ရက်တွင် စိုက်ကျင်းတစ်ကျင်းလျင် ဝါပင်နှစ်ပင်ချန်၍ သားခွဲပေးကြကြောင်း၊ အပိန့်ဝင်ချိန်နှင့် ပန်းပွင့်ချိန်များ၌ ကွန်ပေါင်းအိပ်တစ်ဝက်နှင့် ယူရီးယားအိပ်တစ်ဝက် ရောစပ်ကာကြဲပက်၍ ရေသွင်းပေးပြီး ကြားထွန်တိုက်ကာ မြေဆွပေးကြောင်း၊ အပင် ၅၀ ရက်သားတွင် စုပ်ပိုးကာကွယ်ဆေးနှစ်ကြိမ်၊ ၆၀ ရက်သားနောက်ပိုင်းတွင် ဝါဂွမ်းပိုးနီနှင့်ရွက်လိပ်ရွက်စားပိုးနှစ်ကြိမ် ဖျန်းပေးပြီး လိုအပ်ပါက အခြားပိုးများအတွက် ပိုးသတ်ဆေးများ ဖျန်းပေးကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)