ဒလ ဖေဖော်ဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာကောင်းစံသာ(ရေကြည်)ရေးသားသည့် “လူငယ်လမ်းညွှန်” စာအုပ်ဖြင့် လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာ၀င်းက လူငယ်များအနေဖြင့် စာအုပ်စာပေများ လေ့လာဖတ်ရှုရန်လိုအပ်ကြောင်း၊ စာပေဖတ်ရှုခြင်းကြောင့် အမှားအမှန်အား ဝေဖန်ပိုင်းခြားနိုင်ကြောင်း၊ စာအုပ်များလေ့လာဖတ်ရှုခြင်းကြောင့် ရရှိနိုင်သောအကျိုးကျေးဇူးများ၊ စာဖတ်ဝိုင်းကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော စာပေဝါသနာရှင်ကျောင်းသား၊ ကျောင်းသူများက “လူငယ်လမ်းညွှန်”စာအုပ်ပါအကြောင်းအရာများမှ “လူငယ်နှင့်သင်ယူခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် “ဘဝဆိုတာ သင်ယူခြင်းဖြစ်ကြောင်း၊ ပိုသင်ယူလေပိုတတ်မြောက်လေ၊ ပိုအသုံးချလေပိုအကျိုးရှိလေ၊ ပိုမျှဝေလေပိုတန်ဖိုးရှိလေဖြစ်ကြောင်း၊ သင်ယူခြင်းဟာ တိုးတက်ခြင်းပင်ဖြစ်ကြောင်း၊ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုဖြစ်စဉ်တွေမှာ သင်ယူလေ့လာခြင်းကလာကြောင်း၊ ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုဖြစ်စဉ်တွေမှာ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကလာကြောင်း၊ ကောင်းတာတွေကိုတွေးဖို့၊ ပြောဖို့၊ လုပ်ဖို့ဆိုရင် ကောင်းတဲ့အရာတွေကို ဦးစွာလက်ခံနိုင်ရမည်ဖြစ်ကြောင်း၊ ကောင်းတဲ့အရာတွေကို သင်ယူလေ့လာမှု အလေ့အကျင့်ကောင်းတွေကနေ ရရှိနိုင်ပါကြောင်း” စသည်တို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ဒလမြို့နယ်ရုံးအနေဖြင့် ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ စာပေဖတ်ရှုမှုတိုးပွားလာစေရေး၊ စာဖတ်ဝိုင်းများ၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ၊ ပြိုင်ပွဲများ၊ နံရံကပ်စာစောင်ပြပွဲများနှင့် စာအုပ်ပြပွဲများကို လစဉ်ပြုလုပ်ပေးလျက်ရှိသည်။
ရဲရင့်သူ (ပြန်/ဆက်)