အခြေခံပညာအထက်တန်းကျောင်း(သဲကုန်း)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

သဲကုန်း ဖေ​ဖော်ဝါရီ ၁၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်​ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အ​​ခြေခံပညာအထက်တန်း​ကျောင်း(သဲကုန်း)ရှိ သာဓုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

​ရှေးဦးစွာ ​အခြေခံပညာအထက်တန်းကျောင်း(သဲကုန်း)မှ ကျောင်းအုပ်ဆရာကြီး ဦးကျော်မြင့်အောင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ပြည့်​ဖြိုးသူက ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ဗလငါးတန်ကြွယ်ဝစေရန်နှင့် အနာဂတ်တွင် ခေါင်းဆောင်ကောင်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ Social Media ၏ ကောင်းကျိုး၊ ဆိုးကျိုးများ၊ အားလပ်ချိန်တွင် စာပေဖတ်ရှုလေ့လာရန်၊ လူငယ်များသိသင့်သိထိုက်သည့် ဗဟုသုတအကြောင်းအရာများကိုလည်း​ကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွေးနွေးခိုင်ဇင်က မြို့နယ်အတွင်းရှိ လူငယ်များအနေဖြင့် အားကစားကို ချစ်မြတ်နိုးတက်စေရန်၊ မျိုးဆက်သစ်အားကစားသမားများပေါ်ထွန်းလာရေး၊ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် မိမိတို့ဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် အားကစားနည်း အခြေခံသင်တန်းများ ဖွင့်လှစ်ပို့ချပေးသွားပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာရေးတို့ကို ရည်ရွယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များ သုတ၊ ရသ စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ကိုကျော် (သဲကုန်း)