ဥတ္တရသီရိ ဖေဖော်ဝါရီ ၁၈
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ယမန်နေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိရပ်ကွက်၊ ဇေယျဌာနီလမ်းမကြီးဘေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့မှ ကြီးကြပ်၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းများက မြို့သန့်ရှင်းသာယာလှပစေရေးအတွက် သစ်ပင်၊ ချုံနွယ်၊ မြက်ပင်အမှိုက်များကို ဖယ်ရှားရှင်းလင်းနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တာဝန်ရှိသူများလိုက်ပါလျက် ဇလောင်းကျေးရွာ ကွင်းအမှတ်(၁၈၈၀)၊ တောင်သူ ဦးသောင်းလှိုင်၏ လယ်မြေသုံးဧကတွင် နွေစပါးထိုင်းနှံကောက်မျိုး စိုက်ပျိုးထားရှိမှုအခြေအနေအားလည်းကောင်း၊ ကွင်းအမှတ်(၁၈၈၁)တောင်သူဦးထွန်းဝေ၏ လယ်မြေ(၁၂)ဧကတွင် မိုးစပါးပေါ်ဆန်းစပါးမျိုးအား ရိတ်သိမ်းပြီး စပါးလမိုင်းပြန်လည်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် တာဝန်ရှိသူများလိုက်ပါလျက် မောင်ရမ်းကျေးရွာ ကွင်းအမှတ်(၁၈၈၅)တွင် ဖောင်းလောင်ဆည်မှ နွေစပါးစိုက်ပျိုးရန် ဆည်ရေစတင်ပေးဝေနေမှုနှင့် စိုက်ပျိုးမြေများ ပြုပြင်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး တောင်သူများအား တစ်နှစ်သုံးသီး ရာသီပြည့်သီးနှံများစိုက်ပျိုးနိုင်ရေး၊ ပလပ်မြေမရှိအောင် စိုက်ပျိုးရေး၊ အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ ကြိုက်နှစ်သက်ရာ မျိုးကောင်းများကိုရွေးချယ်ပြီး တစ်ချိန်တည်းစိုက်ပျိုးပြီး ရိတ်သိမ်းချိန် ဟန်ချက်ညီအောင်ဆောင်ရွက်ရေး၊ စိုက်ပျိုးမြေများကို စနစ်တကျပြုပြင်နိုင်ရေး၊ သဘာဝမြေဩဇာကို တောင်သူများကိုယ်တိုင်ပြုလုပ်သုံးစွဲရေး၊ စိုက်ပျိုးရေများကို အကျိုးရှိရှိအသုံးပြုရေးနှင့် တာဝန်ရှိသူအနေဖြင့် တောင်သူနည်းပညာပေးဆွေးနွေးပွဲများ စဉ်ဆက်မပျက်ဆောင်ရွက်ရေးတို့ကို မှာကြားသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)