နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လုပ်ငန်းများပြန်လည်ပြုပြင်နေမှုကို ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၁၈

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ တာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့နယ်၊ သူဌေးကုန်းကျေးရွာသို့ သွားရောက်ပြီး မြို့နယ်သမဝါယမအသင်းစုပိုင် ဘက်စုံသုံးခြံ၌ ရုရှားနေကြာ သုံးမျိုးစပ်(၁၅)ဧက စိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး တောင်သူများအား မျိုး၊ မြေ၊ ရေ၊ နည်း စိုက်နည်းစနစ်မှန်ကန်စေရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သဘာဝမြေဩဇာကို အချိုးကျစွာပေါင်းစပ်အသုံးပြုနိုင်ရေး၊ တောင်သူများအနေဖြင့် သီးနှံများအား ရာသီပြည့်စိုက်ပျိုးနိုင်ရေးတို့ကိုမှာကြားပြီး တာဝန်ရှိသူများမှ အောင်မြင်ဖြစ်ထွန်းအောင်စိုက်ပျိုးရမည့် နည်းလမ်းများနှင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ရမည့် နည်းလမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ဖြည့်စွက်ရန်ပုံငွေဖြင့် ငလျင်‌ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လယ်ဝေးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း ကြောင်ရေကျေးရွာအနီးရှိ သံကူကွန်ကရစ်တံတား ပြန်လည်တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ချိန်အတွင်း အမြန်ပြီးစီးအောင်  လူအင်အား၊ စက်ယန္တရား တိုးမြှင့်ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန်၊ သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊ တာဝန်ရှိသူများအနေဖြင့် လိုအပ်သည်များကို  အနီးကပ်ကြီးကြပ်ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် လယ်ဝေးမြို့နယ် ကြောင်ရေကျေးရွာသို့ သွားရောက်ပြီး တောင်သူအသိပညာပေးစင်တာ(KC)ခန်းမ၌ ‌နွေစပါး ပန်းတိုင်းအထွက်နှုန်းရရှိရေး တောင်သူများနှင့်တွေ့ဆုံကာ ဓာတ်မြေဩဇာများကို အပြည့်အဝအချိုးကျအသုံးပြုရန်နှင့် စိုက်ပျိုးနည်းစနစ်များကို မှန်ကန်စွာလိုက်နာကျင့်သုံးရန်၊ လက်စွဲမျိုး‌စေ့ချကိရိယာ (Seeder)များဖြင့် စိုက်ပျိုးသွားရန်၊ စိုက်ပျိုးရာတွင်လည်း ဒေသအတွက်အဓိကလိုအပ်သည့် သီးနှံများကို အလေးထားစိုက်ပျိုးသွားရန်တို့ကို မှာကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တောင်သူများအတွက် ယူရီးယားဓာတ်မြေဩဇာများကို ပေးအပ်ခဲ့ပြီး  တောင်သူများ၏ တင်ပြချက်များအပေါ်  တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ နိုင်ငံတော်ထောက်ပံ့ (ဖြည့်စွက်) ရန်ပုံငွေဖြင့် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လယ်ဝေးမြို့၊ နေပြည်တော်မြို့ပတ်လမ်း(V4)လမ်း ကွန်ကရစ်လမ်းကျိုးကျပျက်စီးမှုအား ပြန်လည်ပြုပြင်နေမှုကို   ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား အရည်အသွေးပြည့်မီသော ပစ္စည်းများကိုသာ လုပ်ငန်းခွင်အတွင်းအသုံးပြုရေး၊  ငလျင်ဒဏ်အပြင် သဘာဝဘေးအန္တရာယ်များခံနိုင်ရည်ရှိအောင် ဆောင်ရွက်ရေးတို့ကိုမှာကြားခဲ့ပြီး ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် လယ်ဝေးမြို့နယ်၊ ကြို့ပင်ကျေးရွာရှိ  ကွင်းအမှတ် (၁၈၀၁) တောင်သူ ဦးဝင်းငြိမ်းနှင့် တောင်သူများ၏ လယ်ရှစ်ဧကတွင်  နွေးစပါးစိုက်ပျိုးရန်အတွက် စက်မှုလယ်ယာဦးစီးဌာနမှ လယ်ယာသုံးစက်ကိရိယာများဖြင့် မြေပြုပြင်နေမှုနှင့် သဘာဝမြေဩဇာပြုလုပ်ထားရှိမှုများကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

အောင်ကို(ပုဗ္ဗသီရိ)