တိုက်ကြီး ဖေဖော်ဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိစေရေးအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် အိုင်ကလောင်ကျေးရွာ၌ ရေသန့်စင်စနစ် တည်ဆောက်ခြင်းနှင့်မြေသားရေကန် အနက်နှိုက်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အိုင်ကလောင်ကျေးရွာ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် မြင့်မြတ်မွန်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသော ရေသန့်စင်စနစ် အလျား ၁၀ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ပေ ၂၀ တည်ဆောက်ခြင်းလုပ်ငန်းနှင့် မြေသားရေကန် အလျား ၂၁၅ ပေ၊ အနံ ၂၂၅ ပေ၊ အမြင့် ၂ ပေ အနက်နှိုက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှမျိုးအောင်၊ မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူနှင့် တာဝန်ခံအင်ဂျင်နီယာတို့က ကွင်းဆင်းစစ်ဆေးခဲ့ရာ ယခုအခါ လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်သဖြင့် ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိသုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)