ဘားအံ ဖေဖော်ဝါရီ ၁၈
ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းကော်မတီမှကြီးမှူး၍ နွေရာသီကျောင်းအားလပ်ရက်များတွင်ဖွင့်လှစ်သည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သက်မွေးပညာကာလတိုသင်တန်းများဖြစ်သော အခြေခံကွန်ပျူတာသင်တန်း၊ စက်ချုပ်သင်တန်း၊ အိမ်တွင်း လျှပ်စစ်ဝိုင်ယာသွယ်တန်းခြင်းနှင့် ဆိုလာတပ်ဆင်ခြင်းသင်တန်းများဖွင့်ပွဲကို ဖေဖော်ဝါရီ ၁၆ ရက်က အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ) နှစ်ထပ်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သင်တန်းသား၊သင်တန်းသူများအနေဖြင့် မိမိတို့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင် အကျိုးရှိစွာပြန်လည်အသုံးချနိုင်ရေးအတွက် စိတ်ပါဝင်စားစွာဖြင့် တက်တက်ကြွကြွသင်ယူကြရန်နှင့် သင်တန်းပြီးဆုံးပါက သင်ယူရရှိခဲ့သည့် အသိပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုများကိုအသုံးချ၍ မိသားစု၊ ရပ်ရွာဒေသ၊ ပြည်နယ်နှင့်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အခြေခံကွန်ပျူတာသင်တန်း၊ စက်ချုပ်သင်တန်း၊ အိမ်တွင်းလျှပ်စစ်ဝိုင်ယာသွယ်တန်းခြင်းနှင့် ဆိုလာတပ်ဆင်ခြင်းသင်တန်းများအတွက် သင်ထောက်ကူပစ္စည်းများကို သင်တန်းသားကိုယ်စားလှယ်များထံ ပေးအပ်ချီးမြှင့်သည်။
အဆိုပါသင်တန်းများအနက် ကွန်ပျူတာသင်တန်းတွင် သင်တန်းသား၊သင်တန်းသူ(၂၀)၊ အခြေခံစက်ချုပ် သင်တန်းတွင် သင်တန်းသူ (၂၀)၊ အခြေခံအိမ်တွင်းလျှပ်စစ်ဝိုင်ယာ သွယ်တန်းခြင်းနှင့်ဆိုလာတပ်ဆင်ခြင်းသင်တန်းတွင် သင်တန်းသား(၂၀)စုစုပေါင်းသင်တန်းသား၊ သင်တန်းသူ(၆၀)တက်ရောက်ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)