သံတောင်ကြီးဒေသထွက် ကော်ဖီများ ယခင်နှစ်ထက် ဈေးနှုန်းကျဆင်း

သံတောင်ကြီး ဖေဖော်ဝါရီ ၁၈

ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် ဥယျာဉ်ခြံလုပ်ငန်းဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအနေနှင့် အဓိကလုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ နှစ်ရှည်ပင်ဖြစ်သည့် ကော်ဖီသီးနှံ စိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုနှစ်ကော်ဖီစေ့များ ယခင်နှစ်ထက် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးဒေတွင် ကော်ဖီသီးနှံများအား သဘာဝမြေဩဇာများကိုသာ အသုံးပြုခြင်းဖြစ်ပြီး သံတောင်ကြီးဒေသစိုက်ပျိုးသော ကော်ဖီအမျိုးအစားမှာ အာရေဗီကာကော်ဖီ (ကုန်းမြင့်ကော်ဖီ)နှင့် ရိုဘက်စတာကော်ဖီ (အပင်မြင့်ကော်ဖီ)ပင်များကို အများအားဖြင့် စိုက်ပျိုးပြီး အာရေဗီကာကော်ဖီ (ကုန်းမြင့်ကော်ဖီ) တစ်ဧကလျှင် ကော်ဖီအပင် (၁၃၆၀) အထိ စိုက်ပျိုးကာ အထွက်နှုန်း (၁၇၅.၆၇) ပိဿာ ရရှိသည်။ ရိုဘက်စတာကော်ဖီ (အပင်မြင့်ကော်ဖီ) တစ်ဧကလျှင် ကော်ဖီအပင် (၅၃၇) ပင် စိုက်ပျိုးကာ အထွက်နှုန်း(၁၇၂.၈၃)ပိဿာ အထိ ရရှိသည်။

ကော်ဖီသီးများ ဆွတ်ခူးရာတွင် ရင့်မှည့်သည့်အသီးများကို ဆွတ်ခူးပြီး နေလှန်းရသည်။ အသီး  များခြောက်လာပါက အစေ့များရရှိစေရန် ပြန်လည်ကြိတ်ရသည်။ ထို့နောက် ကော်ဖီ စေ့များကို လှော် စက်နှင့်လှော်ပြီး အမှုန့်ကြိတ်စက်ဖြင့် ပြန်လည်ကြိတ်သည့်အခါ အနံ့အရသာကောင်းမွန်သော ကော်ဖီမှုန့်များ ရရှိလာသည်။

သံတောင်ကြီးဒေသထွက် ကော်ဖီစေ့များ ယခင်နှစ်တွင် တစ်ပိဿာလျှင် ကျပ်(၄၀၀၀၀)အထိ ရရှိသော်လည်း ယခုနှစ်တွင် ကော်ဖီစေ့တစ်ပိဿာလျှင် ကျပ်(၂၀၀၀၀)မှ ကျပ်(၂၂၀၀၀) အထိသာရရှိပြီး ယခင်နှစ်ထက် ဈေးနှုန်းထက်ဝက်ခန့် ကျဆင်းလျက်ရှိကြောင်း သိရသည်။

နော်နော်မူ