ဘုတ်ပြင်း ဖေဖော်ဝါရီ ၁၈
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းက ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများနှင့်တာဝန်ရှိသူများက ဘုတ်ပြင်းလေဆိပ် အဆောက်အဦအသစ် ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးခြင်း၊ ကမာချောင်းကျေးရွာအုပ်စု အေးချမ်းမြိုင်(၂)ကျေးရွာ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် သဘာဝစိမ့်စမ်းရေသွယ်တန်း၍ မြို့ရေပေးဝေရေးလုပ်ငန်းများဖြစ်သည့် ရေသန့်စင်စနစ်အတွင်း ပိုက်လိုင်းသွယ်တန်းခြင်း၊ ရေကြည်စုကန်၊ သဲစုကန်၊ရေစစ်ကန်၊ ရေစုကန်၊ ရေသန့်စင်စက်ရုံအဆောက်အဦ နှင့် ရေပေးဝေရေး လုပ်ငန်းစဉ်များအား ကြည့်ရှုစစ်ဆေးကာ တာဝန်ယူဆောင်ရွက်နေ့သည့် သက်ဆိုင်ရာ ကုမ္ပဏီများမှ တာဝန်ရှိသူများအား လုပ်ငန်းများသတ်မှတ်အရည်အသွေးစံနှုန်းများနှင့်အညီ အချိန်မီပြီးစီးရေးအတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက် ရွှေဘုံသာရပ်ကွက်တွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ဝန်ထမ်းအိမ်ရာ (၆)ခန်းတွဲ(၄)ထပ် အဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘုတ်ပြင်းမြို့အတွင်း ဘုတ်ပြင်းကျေးရွာအုပ်စု ကရိုင်တိုင်ကျေးရွာရှိ သီရိမင်္ဂလာတပ်ဦးကျောင်းနှင့် အောင်မင်္ဂလာရပ်ကွက်ရှိ ဓမ္မဝိဇယပရိယတ္တိစာသင်တိုက်သို့သွားရောက်၍ ဆရာတော်သံဃာတော်များအား ဆွမ်းဆန်တော်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထိုနောက် အောင်မင်္ဂလာရပ်ကွက် ခရိုင်ဌာနဆိုင်ရာမြေနေရာ(၁၃၁)ဧကအတွင်းရှိ ခရိုင်တရားရုံး မြေနေရာ(၂ ဒသမ ၆၀)ဧက မြေဖို့ခြင်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများအားကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
မြို့နယ်( ပြန်/ဆက်)