ဒေါပုံမြို့နယ်တွင် မြို့နယ်ဂီတအစည်းအရုံး ဆိုင်းဘုတ်တင်ပွဲနှင့် ရုံးခန်းဖွင့်ပွဲကျင်းပ

ဒေါပုံ ဖေဖော်ဝါရီ ၁၈

မြန်မာနိုင်ငံဂီတအစည်းအရုံး ဒေါပုံမြို့နယ်၏ ဆိုင်းဘုတ်တင်ပွဲနှင့် ရုံးခန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၊ ယမုံနာ (၂)ရပ်ကွက်၊ ရွာမလမ်း၊ အမှတ် (၃၄၇)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြန်မာနိုင်ငံဂီတအစည်းအရုံး ရန်ကုန်တိုင်း‌ဒေသကြီး ဂီတအစည်းအရုံးဥက္ကဋ္ဌ တေးသံရှင်ကိုလတ်၊ ဒုတိယဥက္ကဋ္ဌ(၁) ဂီတမှူးထွန်းထွန်း၊ အထွေထွေအတွင်းရေးမှူး MC ဆန်းဒေးကိုကို၊ ဒေါပုံမြို့နယ် ဂီတအစည်းအရုံးနာယကများ၊ ဒေါပုံမြို့နယ် ဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးရစ်ချက်၊ ဒုတိယဥက္ကဋ္ဌ တယောရွှေနဂါးအောင်မိုး၊ အတွင်းရေးမှူး ဒေါ်အေးအေးကျော်မင်း (အောင်နမိတ်ပန်း)နှင့် မြို့နယ်ဂီတအစည်းအရုံးဝင်များက မြန်မာနိုင်ငံဂီတအစည်းအရုံး ဒေါပုံမြို့နယ်၏ ဂီတအစည်းအရုံးဆိုင်းဘုတ်အား အမွှေးနံ့သာများကို သပြေခက်ဖြင့် ပက်ဖျန်းဖွင့်လှစ်ပေးခဲ့ကြသည်။ ယင်းသို့ ဆိုင်းဘုတ်တင်အမွှေးနံ့သာပက်ဖျန်းစဉ် ရွှေတံဆိပ်ဆုရှင် ဟိန်းထက်အောင်က ဆောင်းတော်မင်္ဂလာဖြင့် ဇေယျတုသဗ္ဗမင်္ဂလာကို တီးခတ်သီဆိုပေးခဲ့သည်။ ယင်းနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ ဒေါပုံမြို့နယ် ဂီတအစည်းအရုံးသို့ အလှူငွေများပေးအပ်ရာ ဒေါပုံမြို့နယ်ဂီတအစည်းအရုံး တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် မြန်မာနိုင်ငံဂီတအစည်းအရုံးဝင်များက တေးသီချင်းများဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)