ဒဂုံမြောက် ဖေဖော်ဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံ သံဃနာယကအဖွဲ့မှကြီးမှူးကျင်းပသော ဝိနယာဓိကစာမေးပွဲစာအောင်လက်မှတ်နှင့် စာအောင်ဆုပေးပွဲ၊ ၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယနိကာယ်၊ ပါဠိပထမပြန်စာမေးပွဲများတွင် အောင်မြင်တော်မူကြသော စာအောင်သံဃာ၊ သီလရှင်များအား စာအောင်ဆုနှင့် အောင်လက်မှတ်ဆက်ကပ်ပွဲအခမ်းအနားကို (၄၂)ရပ်ကွက် မဟာဂန္ဓာရုံကျောင်းတိုက်ရှိ သာသနာ့ဗိမာန်တော်တွင် ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားအား နမောဒဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ (ရွှေကျင်)မဟာဂန္ဓာရုံဆရာတော် ဘဒ္ဒန္တဥတ္တမဘိဝံသထံမှ ဩဝါဒကထာမိန့်ကြားမှုကိုခံယူ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက သာသနာရေးဆိုင်ရာ ဝမ်းမြောက်စကား လျှောက်ထားတင်ပြခဲ့သည်။
ထို့နောက် အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တပဏ္ဍိစ္စမှ ဝိနယာဓိကစာမေးပွဲအတွက် အလှူငွေရရှိမှုနှင့် ငွေကြေးသုံးစွဲမှုဆိုင်ရာများ ရှင်းလင်းလျှောက်ထားသည်။ ဆက်လက်၍ မြို့နယ်သံဃနာယကဥက္ကဋ္ဌ (ရွှေကျင်)မဟာဂန္ဓာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဥတ္တမာဘိဝံသမှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အနုမောဒနာတရားနာကြားကြပြီး စာအောင်သံဃာနှင့် သီလရှင်များအား ဆရာတော်၊ သံဃာတော်များနှင့် တာဝန်ရှိသူများက စာအောင်ဆုနှင့် အောင်လက်မှတ်များ ဆက်ကပ်ခဲ့ကြသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အစိုးရဓမ္မာစရိယနိကာယ်နှင့် ပါဠိပထမပြန်စာမေးပွဲများတွင် သံဃာနှင့်သီလရှင်(၁၁၀)ပါး၊ ဝိနယာဓိကစာမေးပွဲတွင် သံဃာနှင့်သီလရှင်(၁၃၉)ပါး အောင်မြင်ခဲ့ကြကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ