အုတ်တွင်းမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း လိုက်လံကွင်းဆင်း စစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

အုတ်တွင်း ဖေဖော်ဝါရီ ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက အုတ်တွင်းမြို့နယ်၊ ကြက်သွန်ခင်း(၁)ရပ်ကွက်နှင့် ကျွဲပွဲမြို့၊ အမှတ်(၄)ရပ်ကွက်အတွင်းရှိ နေအိမ်များအား တစ်အိမ်တက်ဆင်းလိုက်လံစစ်ဆေးခြင်းနှင့် အကြံပြုခြင်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့စစ်ဆေးရာတွင် လျှပ်စစ်မီးများ သုံးစွဲရာ၌ ခံနိုင်ဝန်ထက် ပိုမိုအသုံးမပြုရေး၊ ဟောင်းနွမ်းသော လျှပ်စစ်မီးကြိုး အသစ်လဲလှယ်အသုံးပြုရေး၊ လျှပ်စစ်အသုံးပြုရာတွင် သတိထားရမည့်အချက်များ၊ ဆေးလိပ်သောက်ရာတွင် သတိပြုဆင်ခြင်သင့်သည့်အချက်များ၊ ဖယောင်းတိုင်နှင့် လောင်စာဆီအသုံးပြုရာတွင် သတိပြုသင့်သည့်အချက်များ၊ အမှိုက်မီးရှို့ရာတွင် လိုက်နာရမည့်အချက်များအား ပြည်သူများ သိရှိလိုက်နာဆောင်ရွက်သွားကြရန်၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ ထားရှိစေရေးနှင့် မီးသတ်ဆေးဘူးများ ထားရှိစေရေး၊ မီးဘေးအန္တရာယ်ကျရောက်လာပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်မီဆက်သွယ်အကြောင်းကြားပေးရန် အသိပညာပေး ပြောကြားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ကျော်မြင့်ထံမှ သိရသည်။

ခင်ခင်မာ (ပြန်/ဆက်)