သာကေတမြို့နယ် မဟော်သဓာလူမှုကူညီရေးအသင်း (၁၀) နှစ်ပြည့် အထိမ်းအမှတ် ကျင်းပ

သာကေတ ဖေဖော်ဝါရီ ၁၇

သာကေတမြို့နယ် (၄)ရပ်ကွက် တောင်ပိုင်းလုံးဆိုင်ရာ မဟော်သဓာလူမှုကူညီရေးအသင်း (၁၀) ပြည့် အထိမ်းအမှတ်ကို ဖေဖေါ်ဝါရီ ၁၇ ရက် နံနက်ပိုင်းက အဆိုပါမြို့နယ် ရှုခင်းသာကျောင်းဝိုင်းရှိ အောင်သီတာစာသင်တိုက်၌ ကျင်းပပြုလုပ်သည်။

ဦးစွာ မဟော်သဓာလူမှုကူညီရေးအသင်း သြဝါဒါစရိယ ရန်ကုန်၊ ပဲခူး၊ နေပြည်တော်၊ မော်လမြိုင် အောင်သီတာစာသင်တိုက်များ၏ ဦးစီးပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဂန္ထဝါစကပဏ္ဍိတ၊ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တဓမ္မာစာရက သြဝါဒကထာ မြွက်ကြားပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး၊ မဟော်သဓာလူမှုကူညီရေးအသင်းနာယကကြီး ဦးညွန့်ဖေက ဂုဏ်ပြုစကားပြောကြားသည်။ ဆက်လက်၍ မဟော်သဓာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးမျိုးဇော်ဦးက အသင်း (၁၀) ပြည့် အထိမ်းအမှတ် ကျေးဇူးတင်စကားပြောကြားသည်။            

ထို့နောက် မဟော်သဓာလူမှုကူညီရေးအသင်း အမှုဆောင်နာယကကြီးများအား စုပေါင်းဂါရဝပြု ကန်တော့ခဲ့ကြပြီး နာယကကြီးများကိုယ်စား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်း ရေးမှူး ဦးညွန့်ဖေက ဆုတောင်းမေတ္တာပို့စကား ပြောကြားခဲ့ငည်။

ဆက်လက်၍ စေတနာ့ဝန်ထမ်း Volunteer များနှင့် အဖွဲ့ဝင်များကို ထောက်ပံချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် အလှူရှင်များက အသင်းအားအလှူငွေများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။

သဲထက်ဇင် (ပြန်/ဆက်)