ချမ်းအေးသာစံမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆောင်ရွက်

ချမ်းအေးသာစံ ဖေဖော်ဝါရီ ၁၇

ချမ်းအေးသာစံမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးညီထွေးဦးက ဦးဆောင်ကာ အများပြည်သူများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအ​​နောက်ရပ်ကွက်၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း စစ်ဆေးခြင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ မီးသတ်ဦးစီးဌာန၏ အရေးပေါ်ဖုန်းနံပါတ်များ လိုက်လံကပ်ပေးခြင်း၊ 191 Report Application အား ပြည်သူများ၏ လက်ကိုင်ဖုန်းများတွင် ထည့်သွင်းပေးခဲ့ကြပြီး အသုံးပြုပုံများအား ရှင်းလင်းပြောကြားခဲ့သည်။

ထိုသို့ အသိပညာပေးခြင်းများ ဆောင်ရွက်ခြင်းကို မန္တလေးတိုင်းဒေသကြီး၊ မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်းက လိုက်လံကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)