နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၁၆

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းက မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ်၊ သာစည်ကျေးရွာအဝင်တွင် ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်၊ နေပြည်တော်ကောင်စီ၏ (ဖြည့်စွက်) ရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုး‌ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် (၁.၅၂မီတာ၊ ၉.၁၄ မီတာ၊ ၂.၁၃မီတာ) Box Culvart နှစ်စင်း တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းနှင့် လယ်ဝေးမြို့နယ်၊ မှန်တောကျေးရွာ၊ ကွင်းအမှတ် ၁၈၁၁တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အရှည်ပေ ၁၈၀၀၊ အကျယ် ၁၄ ပေရှိ မြေသားကုန်ထုတ်လမ်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီရေး မှာကြားခဲ့သည်။

နေပြည်တော်ကောင်စီဝင်သည် ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများ လိုက်ပါလျက် လယ်ဝေးမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ Full Moon ကိုယ်ပိုင်မူလတန်းကျောင်းနှင့် အမှတ်(၃) ရပ်ကွက်ရှိ Wisdom Light ကိုယ်ပိုင်မူလတန်းကျောင်းများ သက်တမ်းတိုးခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများအတွက် ကွင်းဆင်းစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ရန် သက်ဆိုင်ရာ ဌာနများနှင့်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)