သဲကုန်းမြို့နယ်တွင် ထန်းလျက်ချက်လုပ်ငန်းဖြင့် မိသားစု အပိုဝင်ငွေရရှိကာ အဆင်ပြေ

သဲကုန်း ဖေဖော်ဝါရီ ၁၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် သဲကုန်းမြို့နယ်ရှိ ကျေးရွာအချို့တွင် တစ်နိုင်တစ်ပိုင် ထန်းလျက်ချက်လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် မိရိုးဖလာစိုက်ပျိုးရေးလုပ်ငန်းများဖြစ် လယ်ယာစိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြသော်လည်း မိသားစုအပိုဝင်ငွေ ရရှိစေရန်အတွက် ထန်းပင်တက်၍ ထန်းလျက်ချက်ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပြီး၊ ထန်းတက်ခြင်းလုပ်ငန်းသည် အလွန်ပင်ပန်း၍ အန္တရာယ်များသော လုပ်ငန်းဖြစ်သော်လည်း ထန်းပင်တက်သော တောင်သူများအတွက်မူ ထန်းသီးနုချိန်မှ ရင့်ချိန်အထိ နေ့စဥ်ဆောင်ရွက်နေရသော လုပ်ငန်းဖြစ်သည့်အတွက် အခက်အခဲမရှိဆောင်ရွက်နိုင်သော လုပ်ငန်းဖြစ်သည်။ ထန်းပင်တက် တောင်သူများအနေဖြင့် မိမိတို့၏ ခြံဝင်းနှင့် လယ်ကန်သင်းများတွင် အလေ့ကြပေါက်နေသော ထန်းပင်များကို တစ်ရက်လျှင် နှစ်ကြိမ်ခန့်ထန်းရည်ရယူပြီး ရရှိသောထန်းရည်များကို အိမ်တွင်အသင့်စောင့်နေသော အိမ်ရှင်မမှ ကျိုချက်ခြင်း၊ အဟာရအရသာရှိသော ထန်းလျက်ခဲများပြုလုပ်၍ စျေးကွက်ဝင် တန်ဖိုးမြင့်ထုတ်ကုန်ဖြစ်သော ထန်းလျက်ကျိုချက်၍ ရောင်းချကြပြီး တစ်ရက်လျှင် ထန်းရည်ရရှိမှုပေါ်မူတည်၍ ထန်းလျက်ရရှိမှုမှာလည်း အနည်းအများကွားချမှုရှိသည်။ ရရှိလောသော ထန်းလျက်များကိုမူ အနီးအနားမှ ကျေးရွာများမှ စာသုံးသူပြည်သူများ၊ အသိမိတ်ဆွေများ/ မိသားစုများကို လက်ဆောင်ပေးမည့် ပြည်သူများမှ လာရောက်ဝယ်ယူကြပြီး ထန်းလျက်တစ်ပိဿာလျှင် အရင်နှစ်ကတော့ ငွေကျပ် (၁၀၀၀၀)ခန့်ရောင်းချပြီး၊ ယခုအခါ ထန်းလျက် တစ်ပိဿာလျှင်ငွေကျပ်(၂၀၀၀၀) ခန့်ရောင်းချ သောကြောင့် မိသားစုအပိုဝင်ငွေရရှိ တွက်ခြေကိုက်ကြောင်း ထန်းလျက်ရောင်းချသူ တောင်သူတစ်ဦးထံမှသိရှိရသည်။

ထန်းလျက်ကျိုချက်ရာတွင် ဓာတုဆေးဝါးများထည့်သွင့်အသုံးမပြုသည့်အတွက် ဗီတာမင်ဘီ၊ သံဓာတ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ကြွယ်ဝစွာပါဝင်၍ မြန်မာ့တိုင်းရင်းဆေးပညာ၌ထန်းလျက်သည် အသုံးဝင်သော ဆေးတစ်ပါးပြီး အချိုတည်းစရာအစားအစာ၊ မြန်မာရိုးရာမုန့်များတွင်လည်းထည့်သွင်းအသုံးပြုရသော အစားအစာတစ်မျိုးဖြစ်ကြောင်း သိရှိရသည်။

ကိုကျော် (သဲကုန်း)