မြစ်သား ဖေဖော်ဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်နှင့်သီးနှံ ဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ ဆီထွက်သီးနှံနေကြာ စိုက်တောင်သူများ စိုက်ပျိုးထားသောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ဒေသခံတောင်သူ တစ်ဦးထံမှ သိရသည်။
မြစ်သားမြို့နယ်အတွင်း စားသုံးဆီဖူလုံပိုလျှံရေး ဆီထွက်သီးနှံများဖြစ်သော နှမ်း၊ မြေပဲ၊ နေကြာစသည့် ဆီထွက်သီးနှံများစိုက်ပျိုးလျက်ရှိရာ အခြားသီးနှံစိုက်ပျိုးခြင်းထက် နေကြာသီးနှံသည် ဂရုတစိုက်ဆောင်ရွက်ရခြင်းမျိုးမရှိဘဲ ထွန်ယက်စိုက်ပျိုးရပြီး လူနှင့်လုပ်အားခ၊ အရင်းအနှီးများစွာမကုန်ကျ၍ စျေးကောင်းရလျှင် ဒေသခံတောင်သူများ ဝင်ငွေကောင်းမွန်ခြင်းကြောင့် ဆီထွက်သီးနှံနေကြာကို စိုက်ပျိုးရခြင်းဖြစ်သည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် အထွက်နှုန်းများတိုးတက်စေရန်နှင့် အရည်အသွေးကောင်းမွန်စေရန်အတွက် ဒေသနဲ့ကိုက်ညီတဲ့မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်အောင်၊ နေကြာမျိုးစေ့နှင့်တောင်သူနည်းပညာပညာပေးခြင်းလုပ်ငန်းများကိုလည်း ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ဒေသခံတောင်သူများအထွက်နှုန်းကောင်းနေကြာကို တိုးချဲ့စိုက်ပျိုးပါက နေကြာစိုက်ပျိုးတောင်သူများ ဝင်ငွေတိုးပွားရရှိမှာဖြစ်ကြောင်း သိရသည်။
ယခုအခါ နေကြာတစ်ဧကစိုက်ပျိုးလျှင် ကုန်ကျစရိတ် ရှစ်သိန်းကျပ်ခန့်ကုန်ကျကာ တစ်ဧကအထွက်နှုန်းမှာ ၂၅ တင်းမှ ၃၀ တင်းထိထွက်ရှိပြီး တစ်တင်းကို ကြိတ်ခွဲလျှင်ဆီပိဿာ ၃ ပိဿာခွဲမှ ၄ ပိဿာထိထွက်ရှိကြောင်း၊ တစ်တင်းစျေးနှုန်းမှာ ၇၀,၀၀၀/-ကျပ် ရောင်းချရသောကြောင့် နေကြာစိုက်တောင်သူများအဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့်(မြစ်သား)