ပြင်ဦးလွင် ဖေဖော်ဝါရီ ၁၇
ပြင်ဦးလွင်မြို့နယ်သည် ခရီးသွားမြို့တော်တစ်ခုဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံအနှံ့အပြားမှ လာရောက်လည်ပတ်သူပြည်သူများနှင့် စည်ကားသည့်မြို့ဖြစ်ရာပြင်ဦးလွင်မြို့သို့ လာရောက်လည်ပတ်သူများ အန္တရာယ်ကင်းဝေးစွာဖြင့် သွားလာလည်ပတ်နိုင်စေရန်၊ ယာဉ်မတော်တဆမှုများကြုံတွေ့လာပါက တတ်ကျွမ်းနားလည်စွာဖြင့် ရှေးဦးသူနာပြုစုနည်းများကို အသုံးချကာအသက်ကယ်ရန် (Preserve life)၊ ထပ်မံ၍ ထိခိုက်ဒဏ်ရာမရစေရန် (Prevent further injury)၊ လျင်မြန်စွာပြန်လည်ကောင်းမွန်လာစေရန် (Promote recovery)နှင့် မိမိကိုယ်ကိုကာကွယ်နိုင်ရန်(Protect yourself)ရည်ရွယ်၍ ပြင်ဦးလွင်ခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ပြင်ဦးလွင်မြို့နယ် ကြက်ခြေနီအသင်းမှကြီးမှူး၍ လူမှုကူညီရေးအသင်းအဖွဲ့များမှ အသင်းသား/အသင်းသူများနှင့် ဆရာ၊ဆရာမများ စုစုပေါင်း(၂၅)ဦးအား ရှေးဦးပြုစုခြင်းသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အဆိုပါ သင်တန်းတွင် ပြင်ဦးလွင်လူမှုကူညီရေးအသင်း၊ သန္တိသုခ လူမှုကူညီရေးအသင်းအပါအဝင် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကြီး/ကျေးရွာအသီးသီးမှ လူနာတင်ယာဉ်အသီးသီးဖြင့် လူမှုကူညီရေးများဆောင်ရွက်ပေးနေသော အသင်းအဖွဲ့များမှအသင်းဝင်များ၊ စေတနာရှင် volunteerများ၊ ပြင်ဦးလွင်မြို့ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ၊ဆရာမများအား ရှေးဦးသူနာပြုစုနည်းများကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ သုံးရက်ကြာ ပြင်ဦးလွင်မြို့နယ် ကြက်ခြေနီအသင်းမှထူးချွန်ကြက်ခြေနီ၊ နည်းပြများက စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးလျက်ကြောင်း သိရသည်။
သွေးသွေး (ခရိုင် ပြန်/ဆက်)