မောက်မယ် ဖေဖေါ်ဝါရီ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် တောင်ကုန်းတောင်တန်းထူထပ်ပေါများပြီး အေးမြစိုစွတ်သောတောင်ပေါ်ဒေသဖြစ်ခြင်း၊ ချောင်းရေ၊ စိမ့်စမ်းရေများပေါများခြင်းတို့ကြောင့် လယ်ယာလုပ်ငန်းများရိတ်သိမ်းပြီးနောက် ယခုအခါ ဆောင်းမှနွေရာသီကာလအကူးအချိန်တွင် အလုပ်အကိုင်များရှားပါးလာသည်နှင့်အားလျော်စွာ မိသားစုအပိုဝင်ငွေရရှိစေရန် စိမ့်စမ်းရေထွက်တလျောက်နှင့် ချောင်းဘေးပတ်ဝန်းကျင်တလျောက်များတွင် သဘာဝအတိုင်းပေါက်ရောက်သည့် ရာသီစာဖေါ့ဖူး(ဖေါ့ပွင့်)များ လိုက်လံချိုးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
မောက်မယ်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာများအတွင်းရှိ သစ်ဥ၊ သစ်ဖုရှာဖွေခူးဆွတ်ရောင်းချသူများသည် ဘိုးစဉ်ဘောင်ဆက်ချောင်းရေနှင့် စိမ့်စမ်းရေများကိုအမှီပြု၍ ရာသီပေါ်သီးနှံအမျိုးမျိုးကို ရှာဖွေတူးဖော်ဆွတ်ခူးရောင်းချနေသည့် ကျေးရွာများဖြစ်ကြရာ ယခင်နှစ်များတွင် ဖေါ့ဖူး(ဖေါ့ပွင့်)များ ဖူးသည့်ရာသီတွင် တစ်စီးကို(၅၀၀)ကျပ် သာရရှိခဲ့သော်လည်း အရသာကောင်းမွန်ပြီး ဆေးဖျန်းခြင်း၊ မြေသြဇာထည့်သွင်းခြင်းမရှိသည့်အတွက် သဘာဝအတိုင်းစားသုံးသူနှစ်ခြိုက်လျက်ရှိရာ ယခုအခါ ဆောင်းမှနွေရာသီကာလအကူး ရာသီစာဖေါ့ဖူး(ဖေါ့ပွင့်)များ လှိုင်လှိုင်ပေါက်ရောက်ချိန်တွင် တစ်စီးကို (၁,၀၀၀)ကျပ်ရောင်းရကြောင်း မြို့နယ်စည်ပင်သာယာစျေး ၅ ရက် တစ်စျေးသို့လည်းကောင်း ရပ်ကွက်အတွင်းလှည့်လည်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိနေကြကြောင်း ဒေါ်နန်းခမ်းအိမ်ကရှင်းပြ၍ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)