ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း ဒေသဖွံ့ဖြိုးရေးများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး ဖေဖော်ဝါရီ ၁၇

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းသည် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကလောခရိုင် ဟဲဟိုး၊ အောင်ပန်း၊ ညောင်ရွှေဒေသအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဖေဖော်ဝါရီလ (၁၆) ရက်နေ့၊ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ကလောခရိုင်၊ ဟဲဟိုးမြို့ရှိ ဟဲဟိုးဆည်(အင်းခေါင်းဆည်) ၌ တောင်သူလယ်သမားနေ့အထိမ်းအမှတ် စိုက်ပျိုးရေးစုံညီပွဲတော်ကျင်းပနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်စိုက်ပျိုးထားသည့် သီးနှံစိုက်ခင်းနေရာများအား ကြည့်ရှုစစ်ဆေးရာ Green House များ၏ အမိုး၊ အကာများ ပျက်စီးမှုများ ပြင်ဆင်ရန်နှင့် သီးနှံများအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာ စနစ်တကျစိုက်ပျိုးရန်မှာကြားပြီး အင်းခေါင်းဆည်အား ကြည့်ရှု၍ လိုအပ်သည်များ မှာကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကလောမြို့နယ်၊ ကမ်းပါးနီကျေးရွာအုပ်စု သာမိုင်းခမ်းကျေးရွာရှိ သာမိုင်းခမ်းရေလွှဲဆည် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးက စိုက်ပျိုးရေးလုပ်ငန်းများအတွက် အရေးပါသည့် ဆည်ဖြစ်၍ ရေအရင်းအမြစ်များဆုံးရှုံးမှု မရှိစေရေး စနစ်တကျဆောင်ရွက်ရန်၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီရေးဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များ ဖြည့်စွက်မှာကြား၍ ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ယင်းတို့၏ တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် အင်းတိန်​ရေလွှဲဆည် Outfall ပိုင်းကြမ်းခင်းနှင့်​မြေထိန်းနံရံပျက်စီးခြင်းအား ပြန်လည်ပြုပြင်​ခြင်းလုပ်ငန်းကိုလည်းကောင်း၊ အင်းတိန်​ရေလွှဲဆည် ယာဘက်​ရေလျှံထိန်းတာ​ပေါင်ကျိုး​ပေါက်ပျက်စီးခြင်းအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းကိုလည်းကောင်း၊ အင်းတိန်ရေလွှဲဆည်အထက်ပိုင်းရေတိုက်စားမှု​ကြောင့် ​မြေထိန်းနံရံပျက်စီးခြင်းအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းကိုလည်းကောင်း ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးက လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန်၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန်မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများသည် ညောင်ရွှေမြို့နယ်၊ အင်းတိန်ကျေးရွာ၌ စက်မှုလယ်ယာစနစ်ကျမြေ (၁၃၉)ဧက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက  လယ်ကန်သင်းများ သတ်မှတ်ချက်နှင့်အညီ ခိုင်ခံ့ကောင်းမွန်စေရေး၊ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် တောင်သူလယ်သမားများ၏ မူလပိုင်ဆိုင်သည့် မြေနေရာအနီးတွင်သာ လယ်ယာမြေများ စနစ်တကျ ပြန်လည်ချထားပေးရန်မှာကြား၍ ဒေသခံတောင်သူများ၏ တင်ပြချက် များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ညောင်ရွှေမြို့နယ်အတွင်းရှိ တာယောချောင်း သဲနုန်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား သာယောချောင်းအား ရေစီးရေလာကောင်းမွန်စေရေး စနစ်တကျ ဆောင်ရွက်ရန်၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေ့ပြည့်မီစွာဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရှိရသည်။

ထက်ဝေ(ပြန်/ဆက်)