ဇမ္ဗူသီရိ ဖေဖော်ဝါရီ ၁၇
ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ သာသနဥပတ္ထမ္ဘကအဖွဲ့ကကြီးမှူးကျင်းပသော သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များ ဂုဏ်ပြုပူဇော်ပွဲနှင့် သံဃာ့ဒါနဆွမ်းဆန်စိမ်း လောင်းလှူပူဇာ်ပွဲအခမ်းအနားကို သပြေကုန်းရပ်ကွက်ရှိ မစိုးရိမ်တိုက်သစ်၌ ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည် ။
အဆိုပါ အခမ်းအနားသို့ သြဝါဒါစရိယ ဆရာတော်ကြီး (၇)ပါး၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်(၂)ပါး၊ ပါဠိပထမပြန်စာမေးပွဲကြီးကြပ် ဆရာတော်(၂)ပါး၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်ကြီးများမှ ဂန္ထဝါစကစာချဆရာတော်(၂၀)ပါး၊ ဓမ္မာစရိယသုံးကျမ်းပြီး သာသနဓဇဓမ္မာစရိယဘွဲ့ရ(၂၉)ပါး၊ (၂)ကျမ်းအောင်(၂၅)ပါး၊ (၁)ကျမ်း အောင်(၂၂)ပါး၊ ပထမကြီးတန်းအောင်(၁)ပါး၊ ပထမလတ်တန်းအောင်(၁၁)ပါး၊ ပထမငယ်တန်းအောင်(၄)ပါးနှင့် အခြေပြုမူလတန်းအောင်(၁၁)ပါး၊ စုစုပေါင်း(၁၃၂)ပါး ကြွရောက်တော်မူကြပြီး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ အတွင်းရေးမှူး ဦးတိုးဝင်း၊ နေပြည်တော်တိုင်းသာသနာရေးမှူးရုံးမှတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့ဝင်များ၊ အလှူရှင်များတက်ရောက် ပူဇော်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီးနောက် နန်းဦးကျောင်းတိုက် ပဓာနနာယက ဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ဥဇ္ဇောတအရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ ရှားတောကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဥတ္တရက သာရဏီယဩဝါဒကထာ မိန့်ကြားခဲ့ကြောင်း သိရသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး နောက်အလှူငွေပေးအပ်ခြင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ ကျပ်သိန်း(၅၀)အလှူရှင်၊ ကျပ်သိန်း(၃၀)အလှူရှင်၊ (၂၅)သိန်းအလှူရှင်နှင့် ကျပ်(၁၀)သိန်းအလှူရှင်၊ ကျပ်(၅)သိန်း၊ ကျပ်(၃)သိန်း၊ ကျပ်(၂)သိန်း၊ ကျပ်(၁) သိန်း အလှူရှင်များက အလှူငွေများကိုအသီးသီး ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထို့နောက် လှူဖွယ်ဝတ္ထုပစ္စည်းများကပ်လှူပူဇော်ခြင်းနှင့် ဂုဏ်ပြုအလှူတော်ငွေများ ကပ်လှူပူဇော်ခြင်းတို့ကို တာဝန်ရှိသူများနှင့် အလှူရှင်များက ဆက်ကပ်ပူဇော်ပြီးနောက် မစိုးရိမ်တိုက်သစ် ပဓာနနာယကဆရာတော် အဂ္ဂမဟာ ဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တအဂ္ဂဓမ္မ အရှင်သူမြတ်မှထံမှ သာဓုအနုမောဒနာတရားနာယူပြီး ရေစက်သွန်းလောင်းအမျှပေးဝေ၍ အခမ်းအနားပထမပိုင်းကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ထို့နောက် အခမ်းအနားဒုတိယပိုင်းအဖြစ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ မြို့မဈေး၊ သပြေကုန်းဈေး၊ သပြေကုန်းရပ်ကွက်၊ ရွှေကြာပင်ရပ်ကွက်နှင့် အောင်ဇဗ္ဗူရပ်ကွက်တို့မှအလှူရှင်များက ဆွမ်းဆန်စိမ်းများကို အသီးသီးလောင်းလှူပူဇော်ခဲ့ကြကြောင်းသိရှိရသည်။
နီလာ(ပြန်/ဆက်)