မြဝတီ ဖေဖော်ဝါရီ ၁၆
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပွင့်လင်းရာသီ၌ မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လယ် (၁၂:၀၀)နာရီအချိန်၌ ခရိုင်မီးသတ်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဖြိုးမင်းဇော် ဦးဆောင်၍ အမှတ်(၂)ရပ်ကွက်၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဖြိုးမင်းဇော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ အမှတ်(၂)ရပ်ကွက်ရှိ မိဘပြည်သူများနေထိုင်သည့် လိုင်းခန်းများနှင့် နေအိမ်များ၊ ဆိုင်ခန်းများတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းမှု ရှိ၊ မရှိကိုလည်းကောင်း မီးသတ်ဆေးဘူး စနစ်တကျထားရှိမှု ရှိ/မရှိကိုလည်းကောင်း၊ တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကာ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် လိုက်နာရမည့်အချက်များ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဆွေးနွေးမှာကြားခဲ့ကြသည်။
မြဝတီမြို့အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ရပ်ကွက်အလိုက် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)