ပေါင်းတည်၌ အားလပ်ရက်ခရီးသွားများ ဝယ်ယူအား‌ပေးလျက်ရှိသည့် ဒေသထွက်ပြောင်းဖူးများ ရောင်းအားသွက်

ပေါင်းတည် ဖေဖော်ဝါရီ ၁၆

ရန်ကုန်-ပြည်သွား ကားလမ်းဘေးရှိ ပေါင်းတည်ပြောင်းဖူးမီးဖုတ်ဆိုင်တန်းတစ်လျှောက်တွင် ရုံးပိတ်ရက်ရှည် အားလပ်ရက်များအတွင်း ဘုရားဖူးအပန်းဖြေ ခရီးသွားယာဉ်များ ခေတ္တရပ်နားကာ ပြောင်းဖူးမီးဖုတ်ဝယ်ယူစားသုံးသူ ပြောင်းဖူးစိမ်းဝယ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ယခုရက်ပိုင်းတွင် ပုံမှန်သွားလာနေကျ ခရီးသည်များအပြင် ဘုရားဖူးနှင့် အပန်းဖြေခရီးထွက်သူများ ပါရှိလာကြောင်း၊ ပြောင်းဖူး မီးဖုတ်နံ့ သင်းသင်း  မီးခိုး တစ်လူလူ ထွက်နေသည့် ဆိုင်တန်းများ‌‌ရှေ့တွင် ခရီးသည်တင်ယာဉ်များ ရပ်တန့်ကာ ပူပူနွေးနွေး လတ်လတ်ဆတ်ဆတ်ပြောင်းဖူးမီးဖုတ်များ ဝယ်ယူစားသုံးသူ၊ အိမ်ပြန်လက်ဆောင် ပြောင်းဖူးစိမ်းများ တစ်ပွေ့တစ်ပိုက် ဝယ်ယူသူခရီးသည်များဖြင့် စည်ကားလျက်ရှိကြောင်း၊ ထိုခရီးသွားများ ဝယ်ယူအားပေးမှုကြောင့် ယခုရက်ပိုင်းအတွင်း ပြောင်းဖူးဈေးတန်းမှ  ဒေသထွက်ပြောင်းဖူးများ ပိုမိုရောင်းအားသွက်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်-ပြည်ကားလမ်းနံဘေး ရွာတန်းတစ်လျှောက် တစ်မျှော်တစ်ခေါ် ရှည်လျားသည့် ထိုပြောင်းဖူးဆိုင်တန်းများတွင် ဒေသခံတောင်သူတို့၏ စိုက်ခင်းများမှ သုံးရာသီထွက်ရှိသည့် ပြောင်းဖူးများဖြင့် နေ့စဉ်ရောင်းဝယ်ဖောက်ကား စည်ကားလျက်ရှိရာ ဒေသခံ တောင်သူများ၏  လူမှုစီးပွားအခြေအနေနှင့် ဒေသတွင်း စိုက်ပျိုးရေးကဏ္ဍ အခြေအနေတို့မှာ တိုးတက်ဖွံ့ဖြိုးလျက်ရှိကြောင်း သိရသည်။

ရွှေသား(IPRD)