ကျောက်ဆည် ဖေဖော်ဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံရေး နယ်မြေဒေသအလိုက် ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ သင်းဒီးစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းအတွင်းရှိ ကျေးရွာအုပ်စု ၁၁ အုပ်စု၌ နွေနှမ်း ၁၀၄၅ ဧက စိုက်ပျိုးသွားရန် လျာထားကြောင်း သိရသည်။
နွေနှမ်းသီးနှံများ စိုက်ပျိုးရာ၌ နွားတက်၊ သင်းဒီး၊ အထက်လင်းဇင် မြောင်းရေများဖြင့် ဟံမြင့်မိုရ် ကျေးရွာအုပ်စု၌ ၇၀၂ ဧက၊ လယ်ကြီးကျေးရွာအုပ်စု၌ ၁၀၅၁ ဧက၊ ပုန်းညက်ကျေး ကျေးရွာအုပ်စု၌ ၁၂၉၇ ဧက၊ ကျားကာ ကျေးရွာအုပ်စု၌ ၁၂၀၅ ဧက၊ သံရွာ ကျေးရွာအုပ်စု၌ ၆၅၀ ဧက၊ ခါးတက္ကုန်း ကျေးရွာအုပ်စု၌ ၂၄၄ ဧက၊ ဆူးလေကုန်း ကျေးရွာအုပ်စု၌ ၉၄၀ ဧက၊ ပေါက်ပင်ကွေ့ ကျေးရွာအုပ်စု၌ ၁၀၄၅ ဧက၊ မြေစိုမိုး ကျေးရွာအုပ်စု၌ ၁၂၀၃ ဧက၊ ပဲခင်း ကျေးရွာအုပ်စု၌ ၁၃၀၂ ဧက၊ ပေါင်လောင် ကျေးရွာအုပ်စု၌ ၈၂၀ ဧက စုစုပေါင်း ၁၀၄၅၉ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် နှမ်းသီးနှံများ စိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းစေရေးနှင့် အထွက်နှုန်း ကောင်းမွန်စေရေး တောင်သူများနှင့်ပူးပေါင်းပြီး နည်းပညာများစနစ်တကျပံ့ပိုးကူညီ ဆောင်ရွက်ပေးပေးသွားမည်ဖြစ်ကြောင်းနှင့် နှမ်းစိုက်တောင်သူများမှလည်း ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်း ကောင်းမွန်သည့် ဆင်းရတနာ(၄) နှမ်းအဖြူမျိုးများ အဓိကထားစိုက်ပျိုးကြကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)