ကျောက်ကြီး ဖေဖော်ဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် (၁/၂၀၂၆) အခြေခံရှေးဦးပြုစုခြင်းသင်တန်းနှင့် အခြေခံဘင်ခရာသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေလင်း တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ဆွေဆွေမြင့်က ယခုလိုသင်တန်းဖွင့်လှစ်ပေးရခြင်းနှင့်ပတ်သက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် မြို့နယ်ပညာရေးမှူးရုံးတို့ပူးပေါင်းပြီး နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသားလူငယ်များအား အတတ်ပညာတစ်ရပ်အနေဖြင့်ရည်ရွယ်ကာ (၁/၂၀၂၆) အခြေခံရှေးဦးပြုစုခြင်းသင်တန်းနှင့် အခြေခံဘင်ခရာသင်တန်းတို့အား ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ အခြေခံရှေးဦးပြုစုခြင်းသင်တန်းအနေဖြင့် မိမိ၏ မိသားစု၊ မိမိပတ်ဝန်းကျင်၌ ထိခိုက်ဒဏ်ရာရရှိသူများကို မိမိတို့တတ်ထားသည့် ရှေးဦးပြုစုခြင်းပညာဖြင့် ကူညီနိုင်စေရန်၊ ဘင်ခရာသင်တန်းအနေဖြင့် မိမိတို့မြို့နယ်တွင် ပျောက်ကွယ်နေတာကြာပြီဖြစ်၍ ယခုအခါ သင်ကြားပြသပေးမည့် ဆရာလည်းရှိ၊ သင်ယူမည့်သူများလည်း ရှိနေခြင်းကြောင့် မြို့နယ်ဂုဏ်ဆောင်၊ မိမိတို့၏ကျောင်းဂုဏ်ကိုဆောင်ကြမည့် ကျောင်းသားလူငယ်များအား မိမိဌာနအနေဖြင့် ကူညီပူးပေါင်းဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးဝင်းမြင့်က သင်တန်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားကာ ကြက်ခြေနီအကြောင်း သိကောင်းစရာများပြောကြားသည်။
ထို့နောက် အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းနုလှိုင်က ဝမ်းမြောက်စကားပြန်လည်ပြောကြားပြီး တိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများရေးရာကိုယ်စားလှယ် ဦးစောလင်းအောင်က ပေးပို့လှူဒါန်းသည့် ဗလာစာအုပ်နှင့် ဘောပင်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ထံသို့ ပေးအပ်ခဲ့ပြီး အခမ်းအနားအားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လက်ထောက်မြို့နယ် ပညာရေးမှူးနှင့်ကျောင်းအုပ်ဆရာမကြီးများ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သင်တန်းသား/သင်တန်းသူ စုစုပေါင်း(၆၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)