သာကေတ ဖေဖော်ဝါရီ ၁၆
သာကေတမြို့နယ် ကျက်သရေဆောင် ၁၀၈ တောင် မဟာဗောဓိစွယ်တော်ရှင်စေတီတော်အနီးရှိ ဟင်္သာတအတွင်းပတ္တမြားစာသင်တိုက်ခွဲတွင် ဟင်္သာတအတွင်းပတ္တမြားစာသင်တိုက်ခွဲ သြဝါဒါစရိယနှင့် ဂဏဝါစကဆရာတော်ကြီးများ ကြီးမှူးကျင်းပသည့် ပရိယတ္တိသာသနာနုဂဟ္ဟအသင်း အကြိမ် (၄၀)မြောက် စာအောင်ဆုပေးအပ်ခြင်းကို ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။
ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ပရိယတ္တိသာသနာနုဂ္ဂဟအသင်း သြဝါဒါစရိယ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အောင်သုခကျောင်းတိုက် ဦးစီးပဓာနနာယက ဘဒ္ဒန္တစန္ဒိမာဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ကြွရောက်လာကြသည့် သံဃာတော်များက မေတ္တသုတ်ရွတ်ဖတ်သရဇ္စျာယ်ကြသည်။ ထို့နောက် အောင်သုခကျောင်းတိုက်ဆရာတော်က သြဝါဒကထာမြွက်ကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချခဲ့သည်။
ဆက်လက်၍ စာအောင်သံဃာဆုပေးအပ်ပွဲကျင်းပရာ ပထမကြီးတန်း သုံးပါး၊ ပထမလတ်တန်း ရှစ်ပါး၊ ပထမငယ်တန်း ငါးပါး၊ အခြေပြုမူလတန်း ၄၃ ပါး၊ မူကြိုတန်း ၂၂ ပါး၊ စုစုပေါင်းသံဃာတော် ၈၁ ပါးတို့အား ပရိယတ္တိသာသနာနုဂ္ဂဟအသင်းဥက္ကဋ္ဌ ဦးအောင်ထူး၊ အတွင်းရေးမှူး ဦးကြီးမြင့်နှင့် တာဝန်ရှိသူများကစာအောင်ဆုများကို အသီးသီးဆက်ကပ်ခဲ့ကြပြီး အလှူရှင်များက စာအောင်သံဃာတော်များကို နဝကမ္မဝတ္ထုငွေများ ကိုယ်တိုင်ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် အောင်သုခကျောင်းတိုက်ဆရာတော်အား နဝကမ္မအလှူငွေ ဆက်ကပ်လှူဒါန်းပြီး ၁၀၈ တောင် မဟာဗောဓိစွယ်တော်ရှင်စေတီတော်မြတ်ကြီးနှင့်ဇိနမာရ်အောင်စေတီတော်မြတ်ကြီးတို့အတွက် ပရိယတ္တိသာသနာနုဂ္ဂဟအသင်းမှ အလှူငွေကျပ်သုံးသိန်းစီ ပေးအပ်လှူဒါန်းခဲ့ကြသည်။
သဲထက်ဇင် (ပြန်/ဆက်)