စစ်တွေ ဖေဖော်ဝါရီ ၁၆
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေ-မင်းဂံသင်္ဘောဆိပ်လမ်း (0.5km-1.0km) ကြားလမ်းပိုင်းတွင် ရေတိုက်စားခြင်းမှကာကွယ်ရန် ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ လမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက မြေထိန်းနံရံတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်သည်များကိုမှာကြားပြီး ကျောက်စီမြေထိန်းနံရံ တည်ဆောက်နေမှုအား လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မောင်နီပြင်ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဒေသခံပြည်သူများအတွက် အကျိုးပြုနေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျေးရွာသူ၊ကျေးရွာသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး ကွန်ကရစ်လမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ခေါင်း-ရေချမ်းပြင်လမ်းပိုင်းတွင် ကတ္တရာလမ်းများအား ပြန်လည်ပြုပြင်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ လမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှု၊ ပြီးစီးနေမှုနှင့်ဆက်လက်ဆောင်ရွက်ရမည့် အစီအမံများအားရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လုပ်ငန်းဆောင်ရွက်နေမှုအားကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့နယ်၊ သက္ကေပြင်ကျေးရွာ သွားလမ်း (၀/၄ ဒသမ ၀၅)မိုင်အား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် (၀/၇ ဒသမ ၃၃)မိုင်အား ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် အစီအမံများအားရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းအတိုင်း အချိန်မီပြီးနိုင်ရေးစနစ်တကျဆောင်ရွက် သွားကြရန်မှာကြားပြီး လုပ်ငန်းဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေ-ပလ္လင်ပြင်လမ်းပိုင်း၌ ရေနှုတ်မြောင်းများဆောင်ရွက်နေမှု၊ အပိုင်းလိုက်ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မြေသားတာဘောင် ဆောင်ရွက်ခြင်းလုပ်ငန်းခွင်သို့သွားရောက်ကြည့်ရှု စစ်ဆေးကြရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး စနစ်တကျဆောင်ရွက်သွားကြရန် မှာကြားပြီးလိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း (ပြန်/ဆက်)