ပေါင်မြို့နယ်၌ ဖူးစားပြောင်းများ အောင်မြင်ဖြစ်ထွန်းပြီး စျေးကောင်းရရှိ

ပေါင် ဖေဖော်ဝါရီ ၁၆

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ကျေးရွာများတွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် ဖူးစားပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး စျေးကောင်းရရှိကာ တောင်သူများအဆင်ပြေလျက်ရှိသည်။

ပေါင်မြို့နယ်တွင် တောင်သူအများစုက မိုးစပါးများရိတ်သိမ်းပြီးချိန်တွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးလုပ်ငန်းများကို အားထားလုပ်ကိုင်ကြပြီး ဆောင်းသီးနှံများအနေဖြင့် ဖူးစားပြောင်း၊ ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီ၊ မုန်လာဥဖြူ၊ ခရမ်းသီး၊ ရွှေဖရုံသီး၊ ကျောက်ဖရုံသီး၊ ငရုတ်စသည့် သီးနှံများကို စိုက်ပျိုးကြသည်။ စိုက်ပျိုးထားသည့် သီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေးအတွက် စိုက်ပျိုးရေးနည်းပညာများ  မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ မျိုးစေ့များ ပံ့ပိုးပေးအပ်ခြင်း၊ သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် ကွင်းတာဝန်ခံဝန်ထမ်းများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပေါင်မြို့နယ်တွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရေးအတွက် ရိုးရိုးသကြားပြောင်းဖူးနှင့် ကောက်ညှင်းပြောင်းဖူးများကို အများဆုံးစိုက်ပျိုးကြပြီး ဒေသပေါက်စျေးတစ်ဖူးလျှင် ငွေကျပ် (၆၀၀) မှ (၇၀၀) ကျပ်အထိ မြို့ပေါ်စျေးများတွင် ရောင်းချရကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)