မိုးနဲမြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေး

မိုးနဲ ဖေဖော်ဝါရီ  ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အတွင်း နွေရာသီကျောင်းပိတ်ရက်အားလပ်ချိန်များတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ လူငယ်မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး၊  ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ စီစဉ်မှုဖြင့် နွေရာသီအခြေခံအားကစားသင်တန်းများကို ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်က စတင်၍ မြို့နယ် ပြည်သူ့အားကစားကွင်းနေရာ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ဘောလုံး၊ ဘော်လီဘော၊ ကြက်တောင်၊ ပိုက်ကျော်ခြင်းနှင့် အေရိုးဗစ်/ Fitnessdance စသည့် သင်တန်းများ (၅) မျိုးကို သင်တန်းနည်းပြများက သင်ကြားပေးလျက်ရှိပြီး သင်တန်းကို တစ်လကြာသင်ကြားပေးသွားမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ အားကစားဝါသနာပါသူများ မည်သူမဆို တက်ရောက်နိုင်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)