ပေါက်ခေါင်းမြို့ မြို့မဈေးကြီး မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်မှု သရုပ်ပြဇာတ်တိုက်လေ့ကျင့်

ပေါက်ခေါင်း ဖေဖော်ဝါရီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စျေးဝန်ထမ်းများ၊ စျေးသူ၊ ဈေးသားများ မီးငြိမ်းသတ်နည်းစနစ်နှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်ရန် မီးဘေးကြိုတင်ကာကွယ်ရေးလက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဖေဖော်ဝါရီ ၉ ရက် နံနက်(၁၀)နာရီအချိန်က မြို့မစျေးကြီး၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ​​မီးဘေးလုံခြုံရေးဟောပြောပွဲနှင့် ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမင်းအောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမျိုးသူအောင်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ထို့နောက် မြို့မစျေးကြီး ဈေးဆိုင်ခန်းများအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးတို့အတွက် လျှပ်စစ်မီးသွယ်တန်းသုံးစွဲနေမှုအခြေအနေများ၊ မီးငြှိမ်းသတ်ရေးပစ္စည်းနှင့် မီးသတ်ဆေးဘူးများ ထားရှိဆောင်ရွက်ထားမှုအခြေအနေများ၊ မီးစနစ်တကျဂရုပြုသုံးစွဲရေး၊ အမှိုက်နှင့်လောင်စာများအား စနစ်တကျစွန့်ပစ်ရေး အသိပညာပေးဟောပြောပြီး ရေကန်များဆောင်ရွက်ထားရှိမှုအခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေးဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ မီးသတ်တပ်ဖွဲ့ဝင်များက သရုပ်ပြမီးငြှိမ်းသတ်ခြင်း၊ စျေးဝန်ထမ်းများနှင့် စျေးသူ၊ ဈေးသားများက လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်ခြင်းနှင့် မီးသတ်မော်တော်ယာဉ်ဖြင့် ရေပက်ဖျန်းခြင်းတို့ကို ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ကြပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရေးရည်ရွယ်၍ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန်ဝေခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)