ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဒက္ခိဏခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျင်းပသည့် နေပြည်တော်စာပေဝိုင်းသို့ တက်ရောက်

နေပြည်တော် ဖေဖော်ဝါရီ ၁၅

နေပြည်တော်စာပေဝိုင်းကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်(စာရေးဆရာကိုကိုလှိုင်)၊ နေပြည်တော် စာပေဝိုင်းနာယက အမျိုးသားစာပေတစ်သက်တာဆုရှင် ဆရာမကြီး တင်ရီမ(ညောင်ဦး)၊ အမျိုးသားစာပေဆုရှင် အလင်္ကာကျော်စွာ ချစ်နိုင်(စိတ်ပညာ)၊ အမှတ်(၂) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ ဗိုလ်မှူးကြီး ဒေါက်တာအောင်ကျော်ဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာ၊ ဆရာမများနှင့် စာပေဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ အမှတ်(၂) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ ဗိုလ်မှူးကြီး ဒေါက်တာအောင်ကျော်ဦးက ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် (စာရေးဆရာ ကိုကိုလှိုင်) ၏ အတ္ထုပ္ပတ္တိကို ဖတ်ကြားပြီး စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)က မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် တရားမျှတသော အမှန်တရားအတွက် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)သို့ ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက်များအား သွားရောက်ဖြေရှင်းခဲ့သည့် မြန်မာနိုင်ငံ၏ ကိုယ်စားလှယ် (Agent) ဖြစ်သူ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်အား မုဒိတာစကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice - ICJ) တွင် ရင်ဆိုင်နေရသည့် အမှုကိစ္စရပ်နှင့်စပ်လျဉ်း၍ နောက်ခံအကြောင်းရင်းများဖြစ်သော ရခိုင်ပြည်နယ်မြောက်ပိုင်း၏ သမိုင်းရာဇဝင်နှင့် ပထဝီဝင် တည်ရှိမှုအခြေအနေများ၊ သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များနှင့် အငြင်းပွားမှုများသည် လက်ရှိကာလဖြစ်ရပ်များအပေါ်တွင်သာ အခြေခံသည်မဟုတ်ဘဲ နှစ်ပေါင်းများစွာကတည်းက ဖြစ်တည်ခဲ့သည့် သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များနှင့် တိုက်ရိုက်ဆက်စပ်နေကြောင်း၊ အထူးသဖြင့် ကိုလိုနီခေတ်အတွင်း ဗြိတိသျှတို့၏ နယ်မြေပိုင်းခြားသတ်မှတ်မှုများ၊ စီမံခန့်ခွဲမှုစနစ်များနှင့် ယင်းခေတ်ကာလအတွင်း လူဦးရေရွှေ့ပြောင်းအခြေချမှု ဖြစ်စဉ်သမိုင်းကြောင်းများသည် လက်ရှိဖြစ်ပေါ်နေသည့် အငြင်းပွားမှုများ၏ အဓိကအခြေခံအချက်များဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၏ ပထဝီဝင်တည်ရှိမှုအခြေအနေများကို ဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါးနှင့် ထိစပ်နေသည့် ပထဝီဝင်အနေအထားအရ ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများ၊ နယ်စပ်ဒေသအတွင်း ရွှေ့ပြောင်းနေထိုင်မှုများ၊ ပထဝီဝင်အကန့်အသတ်များကြောင့် ဖြစ်ပေါ်လာသည့် လုံခြုံရေးနှင့် တည်ငြိမ်ရေးဆိုင်ရာကိစ္စရပ်များသည် နိုင်ငံတကာစင်မြင့်တွင် မြန်မာ့ရပ်တည်ချက်ကို ခုခံချေပရာ၌ မရှိမဖြစ်လိုအပ်သည့် အချက်အလက်များဖြစ်ကြောင်း၊ အချက်အလက်အမှန်များကို နိုင်ငံတကာက သိရှိနားလည်စေရန် ကြိုးပမ်းရုံသာမက၊ ပြည်တွင်းရှိ ပြည်သူများအနေဖြင့်လည်း မိမိတို့နိုင်ငံ၏ ဖြစ်တည်မှုသမိုင်းနှင့် ပထဝီဝင်အနေအထားများကို မှန်မှန်ကန်ကန် သိရှိနားလည်ရန် အမျိုးသားအကျိုးစီးပွားအတွက် အလွန်အရေးကြီးကြောင်း၊ ယခုကဲ့သို့ စာပေဝိုင်းတွင် အချိန်ပေး၍ လာရောက်ဆွေးနွေးခြင်းမှာ စာပေဝါသနာရှင်များနှင့် ပညာရှင်များအကြား နိုင်ငံတကာရေးရာနှင့် သမိုင်းကြောင်းဆိုင်ရာ ဗဟုသုတများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သိရှိစေရန်ရည်ရွယ်၍ ဆွေးနွေးဟောပြောခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခြင်း၊ ဂုဏ်ပြုအမှတ်တရလက်ဆောင် ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပြီး နေပြည်တော်စာပေဝိုင်း ဂုဏ်ထူးဆောင်နာယက ဆရာမကြီးတင်ရီမ(ညောင်ဦး)က ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အောင်သူရဦး (ဒက္ခိဏ)