တပ်ကုန်း ဖေဖော်ဝါရီ ၁၅
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံထူးနှင့်အဖွဲ့ဝင်များ၊ တပ်ကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နွေစပါးစိုက်တောင်သူများနှင့် တွေ့ဆုံခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မိုးနံကုန်းကျေးရွာ၊ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ (KC)ခန်းမတွင် ကျင်းပခဲ့သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက နွေစပါးစိုက်ဧကပြည့်မီရေး၊ မျိုးကောင်း၊ မျိုးသန့်နှင့် စပါးသက်တမ်းရက်တူသော စပါးမျိုးများ ရွေးချယ်စိုက်ပျိုးရေး၊ သဘာဝမြေဆွေးများ ပြုလုပ်သုံးစွဲရေး၊ ဆည်ရေများကို အကျိုးရှိစွာအသုံးချရေး၊ ပန်းတိုင်အထွက်နှုန်းပြည့်မီရေး၊ စိုက်ပျိုးရေးနည်းစနစ်လိုက်နာကျင့်သုံးရေး၊ နွေစပါးစိုက်ဧကအားလုံး Seeder (တိုက်ရိုက်မျိုးစေ့ချ)ကိရိယာ အသုံးပြုစိုက်ရေး၊ လယ်ယာကဏ္ဍာ မိုပိုဖွံ့ဖြိုးလာစေရေး ရှင်းလင်းမှာကြားခဲ့ပြီးနောက် တောင်သူများ၏တင်ပြချက်များအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး Seeder (တိုက်ရိုက်မျိုးစေ့ချ)ကိရိယာ အသုံးပြုစိုက်ပျိုးထားရှိသည့် နွေစပါးစိုက်ခင်းများအား ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ မြို့နယ်မီးသတ်ဦးစီးဌာန၊ မီးသတ်စခန်းသို့ရောက်ရှိ၍ ပွင့်လင်းရာသီ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိသည့် မီးသတ်ရေသယ်ယာဉ်များ၊ မီးငြှိမ်းသတ်ယာဉ်များ၊ ရေလှောင်ကန်များ ရေဖြည့်တင်းထားရှိမှုအခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းတွင် တက်ရောက်နေသည့် သင်တန်းသားမျာကို အားပေးစကားပြောကြားပြီး၊ သင်တန်းစရိတ်ငွေကျပ် သိန်း၂၀ အား ဦးစီးအရာရှိ ဦးဟိန်းအောင်ကျော်ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ မြို့တွင်းသာယာလှပရေး ရှားပင်ဆိပ် မီးပွိုင့်လမ်းဆုံပလက်ဖောင်းနှင့် လက်ရန်းများ ဆေးသုတ်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်