ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဘားအံ ဖေဖော်ဝါရီ ၁၅

ဒေသတွင်း ပညာရေး၊ ကျန်းမာရေး၊ လူစွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့်အခြေခံအဆောက်အဦများကို ဘဏ္ဍာနှစ်များအလိုက် လျာထားတည်ဆောက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဘားအံမြို့ပေါ်ရှိ တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဘားအံမြို့၊ လှာကမြင်ကွက်သစ်၌ ပြည်ထောင်စုရန်ပုံငွေကျပ် ၃၉၈၀ ဒသမ ၅ သန်းဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာန လှာကမြင်အားကစားကွင်း၊ ဇွဲကပင်အားကစားရုံ (၂၀၀ ပေ x ၁၃၀ ပေ) အဆောက်အဦတည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး၊ တာဝန်ယူတည်ဆောက်သည့် ဒီဇိုင်းမန္တလေးကုမ္ပဏီတို့မှ တာဝန်ရှိသူများက အဆောက်အဦတစ်ခုလုံး၏ ၉၈ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အားကစားရုံအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီရေး၊ သတ်မှတ်အချိန်ကာလအတွင်း ပြီးစီးဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ လှာကမြင်(ကွက်သစ်) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင်  ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အခြေခံပညာဦးစီးဌာန ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေကျပ် (၃၄၀ ဒဿမ ၂၉၀)သန်းဖြင့် နန်းအေးရိပ်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သော ၁၂၀ပေ x ၃၀ပေ RCC တစ်ထပ်ကျောင်းဆောင်သစ် တည်ဆောက်ရေးလုပ်ငန်း ၇၀ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးနေမှုကိုလည်းကောင်း၊ လှာကမြင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အခြေခံပညာဦးစီးဌာန ပြည်ထောင်စု အထွေထွေပိုလျှံရန်ပုံငွေကျပ် (၂၅၃ ဒသမ ၉၆၃)သန်းဖြင့် ဆပ်သဖူးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သော ၉၀ပေ x ၃၀ပေ RCC တစ်ထပ်ကျောင်းဆောင်သစ် တည်ဆောက်ရေးလုပ်ငန်း ၆၀ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊ မဲဘောင်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အခြေခံပညာဦးစီးဌာန ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေကျပ် (၁၇၅ ဒသမ ၅၄၃)သန်းဖြင့် Local Enigneer Group ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သော ၆၀ ပေ x ၃၀ပေ RCC တစ်ထပ်ကျောင်းဆောင်သစ် တည်ဆောက်ရေးလုပ်ငန်း ၉၀ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးမှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အဆိုပါကျောင်းများတွင် စာသင်ခန်း၊ စာသင်ဆောင်၊ ပရိဘောဂ၊ သင်ထောက်ကူပစ္စည်းများနှင့် ရေ၊ မီး၊ မိလ္လာ ပြည့်စုံလုံလောက်မှုရှိမရှိ ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဘားအံတက္ကသိုလ်ပရိဝုဏ်အတွင်း ၁၁၀ပေ x ၉၀ပေ RCC (၂)ထပ် Recreation Center (အပန်းဖြေရိပ်သာ) တည်ဆောက်ရေးလုပ်ငန်း ၉၈ ရာခိုင်နှုန်းခန့် ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးရာ ဘားအံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးနှင့် တာဝန်ယူတည်ဆောက်သည့် ကုမ္ပဏီတို့က တည်ဆောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ မြေယာရှုခင်းလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)