မင်းလှ ဖေဖော်ဝါရီ ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် (၇၇) ကြိမ်မြောက် သုံးမြို့နယ်ဝိနယဓမ္မာနုဂ္ဂစာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သည့် ရဟန်း၊ သာမဏေများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်း အနားကို ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲ ၁ နာရီချိန်က မြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွှတ်ဆိုဖွင့်လှစ်ပြီး၊ ဝိနယဓမ္မာနုဂ္ဂဟအဖွဲ့ ဩဝါဒဆရာတော် ဥူးတေဇနိယထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ ဩဝါဒစကားများ မိန့်ကြားတော်မူခဲ့သည်။
ဝိနယဓမ္မာနုဂ္ဂဟအဖွဲ့ ဩဝါဒဆရာတော်များကို မြို့လယ်ဓမ္မာရုံဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ အလှူရှင်များက လှူဖွယ်ပစ္စည်းနှင့် ဝတ္တုငွေများ လှူဒါန်းခဲ့ပြီး ရေစက်သွန်းချ အမျှတန်းပေးဝေခဲ့ကြသည်။
ထို့နောက် (မင်းလှ - မိုးညို - အုတ်ဖို) သုံးမြို့နယ် ဂိုဏ်းပေါင်းစုံ ဝိနယဓမ္မာနုဂ္ဂဟစာမေးပွဲတွင် ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ (ခ)မူလတန်း၊ (က)မူလတန်းတို့၌ ရဟန်း၊ သာမဏေ (၈၉) ပါး ဝင်ရောက်ဖြေဆိုခဲ့ရာ စာမေးပွဲအောင်မြင်ခဲ့သော (ပထမကျော်) ရဟန်း၊ သာမဏေ (၅) ပါး အပါအဝင် ရဟန်း၊ သာမဏေ စုစုပေါင်း (၇၂) ပါးတို့အား အောင်ဆုလက်မှတ်နှင့် ဆုငွေများ၊ ဝတ္တုလှူဖွယ်ပစ္စည်း အသီးသီးချီးမြှင့် ဆက်ကပ်လှူဒါန်းပေးခဲ့ကြသည်။
အဆိုပါ စာမေးပွဲကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ၁၄ ရက်နေ့ထိ (၆)ရက်ကြာ မြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)