မြစ်သားမြို့နယ်၌ သပြေပန်းစိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေ

မြစ်သား ဖေဖော်ဝါရီ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ငါးဆူကျေးရွာအုပ်စုကွင်း၌ မိသားစုအပိုဝင်ငွေရရှိရေးမြေယာပိုင်ဆိုင်သူအချို့သည် တစ်နိုင်တစ်ပိုင်သီးပင်စားပင်များနှင့် ပန်းအမျိုးစုံစိုက်ပျိုး ရောင်းချခြင်းများဆောင်ရွက်လျက်ရှိရာ ရွှေကြာအင်း ကျေးရွာမှ ဦးဝင်းမြင့် စိုက်ပျိုးထားသောသပြေပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး သပြေပန်းစိုက်ပျိုး ရောင်းချခြင်းဖြင့် နေ့စဉ်ဝင်ငွေရရှိကာမိသားစုစားဝတ် နေရေးအဆင်ပြေလျက်ရှိကြောင်းသိရသည်။

 သပြေပန်းပင်သည်ရာသီမရွေးစိုက်ပျိုးနိုင်ပြီး မိုးကျ သည်နှင့်အစေ့ချစိုက်ပျိုးရ၍ တစ်ဧကလျှင်မျိုးစေ့ ၈၀ ပြည်ကုန်ကျပြီးဘောင်ဖြင့်‌ ရေသွင်းစိုက်ပျိုးကာ အနံ ၁၂ ပင်တန်းစိုက်ပျိုးပြီး အလျားတစ်တန်းနှင့်တစ်တန်း အခြား ၆ လက်မအကွာစိုက်ပျိုးကြသည်။ သပြေပန်း ပင်သည် တစ်ကြိမ်စိုက်ပျိုးထားပါက စိုက်ပျိုးပြီး တစ်နှစ်သားအရွယ်တွင် ကိုင်းအညွှန့်များအား စတင် ဖြတ်တောက်ရောင်းချနိုင်ကြောင်း၊ သပြေပန်းသည် မြန်မာလူမျိုးတို့၏ အောင်အတိတ်အောင်နမိတ်၊ အောင် ပန်းဖြစ်သည့် အတွက် ဘုရားပွဲ၊ နတ်ပွဲနှင့် ဘုရားပန်း ကပ်လှူရာ၌ မပါမရှိပန်းတစ်မျိုးဖြစ်သည့်အတွက် ကုန်သည်များသည် စိုက်ခင်းအထိလာရောက်ဝယ်ယူ ခြင်းနှင့် အခြားမြို့များသို့လည်းတင်ပို့ရောင်းချလျက် ရှိသည်။

 မြစ်သားမြို့နယ်တွင် ငါးဆူကျေးရွာအုပ်စု၊ ရွှေကြာ အင်းကျေးရွာနေ ဦးဝင်းမြင့်၏ သပြေပင်စိုက်ပျိုးမှုများ ဖြစ်ထွန်းအောင်မြင်၍အရောင်းတွင်ကျယ်ခဲ့ပြီး မိသားစုစားဝတ်နေရေးအပြင်အပိုဝင်‌ငွေများရရှိခဲ့သည့်အတွက် နောင်နှစ်များတွင်လည်း စိုက်ဧကတိုးချဲ့စိုက်ပျိုးသွား မည်ဖြစ်ကြောင်းသိရသည်။

ဝါဝါမြင့်(မြစ်သား)