ကဝမြို့နယ်တွင် ပိုးသတ်ဆေးဓါတ်ကြွင်းကင်းစင်သည့် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် တာဝန်ရှိသူများ ကွင်းဆင်းအသိပညာပေးခြင်းများ ဆောင်ရွက်

ကဝ ဖေဖော်ဝါရီ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ နိဗ္ဗာန်ကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဦးစီးဌာနခွဲမှ ဦးဆောင်မှုဖြင့် ကွင်းအမှတ် ၁၁၃၁၊ ဦးပိုင်အမှတ် (၁၅/၁)  တောင်သူဦးကျော်ဝင်းစိန်၏ ပဲတီစိမ်း(စံပြ)စိုက်ခင်း(၁၀)ဧက၌ ပိုးသတ်ဆေးဓါတ်ကြွင်းကင်းစင်သည့် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် တာဝန်ရှိသူများ ကွင်းဆင်းအသိပညာပေးခြင်းကို ယမန်နေ့နံနက် (၈) နာရီက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဇော်လင်းက ပိုးသတ်ဆေးဓါတ်ကြွင်းကင်းစင်ရေးအတွက် ပညာပေးစံပြကွက်ဆောင်ရွက်ရခြင်း၏ ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တောင်သူဦးခင်မောင်ရီက ပဲတီစိမ်း(စံပြ)ကွက် စတင်စိုက်ပျိုးသည်မှ ရိတ်သိမ်းချိန်ထိ ဆောင်ရွက်မှုအဆင့်တိုင်း မှတ်တမ်းထားရှိပြီး ဆောင်ရွက်ခဲ့ပုံအဆင့်ဆင့်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ထွက်ရှိလာသော သီးနှံများ၏ ပိုးသတ်ဆေးဓါတ်ကြွင်းပါဝင်မှုအား စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ၏ ISO/IEC 17025နိုင်ငံတစ်ကာအသိအမှတ်ပြု လက်မှတ်ရရှိထားသော စိုက်ပျိုးရေးထွက်ကုန်များ စစ်ဆေးရေးဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ပညာရှင်ဝန်ထမ်းများ၊ ပဲခူးတိုင်းဒေသကြီးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းအောင်ဆန်း၊ ခရိုင်နှင့် မြို့နယ်ဦးစီးမှူးများ၊ ပညာပေးဝန်ထမ်းများ၊ ကဝမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုအဖွဲ့ဝင်များနှင့် သီးနှံစိုက်တောင်သူများ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရဲဇော်ဟိန်း(ပြန်/ဆက်)