မြဝတီမြို့၌ အခြေခံပညာမူလတန်းလွန် (စောနေစိုးမြ) ကျောင်း၏ ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ် (RC) (၂) ထပ် ကျောင်းဆောင်သစ် လွှဲပြောင်း/လက်ခံခြင်းအခမ်းအနား ကျင်းပ

မြဝတီ ဖေဖော်ဝါရီ ၁၅

ကရင်ပြည်နယ်၊မြဝတီခရိုင်၊မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်ရှိ အခြေခံပညာမူလတန်း (စောနေစိုးမြ) ကျောင်း၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အလျား ၁၃၀ ပေ × အနံ ၃၀ ပေ အကျယ်အဝန်းရှိသည့် ကျောင်းဆောင်သစ် လွှဲပြောင်း/လက်ခံခြင်းအခမ်းအနားကိုယနေ့နံနက် (၉) နာရီအချိန်၌ အဆိုပါ ကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အခြေခံပညာမူလတန်း (စောနေစိုးမြ) ကျောင်း၏ အလျား (၁၃၀) ပေ × အနံ (၃၀) ပေအကျယ်အဝန်းရှိသည့် ကျောင်းဆောင်သစ် RC (၂) ထပ်ဆောက်လုပ်ခြင်းလုပ်ငန်းကို  ဆောင်ရွက်ခဲ့သည့် (HSU LATT) ဆောက်လုပ်ရေးကုမ္ပဏီ မန်နေဂျာ ဦးမြင့်ဦးက ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းနှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး RC (၂) ထပ် ကျောင်းဆောင်သစ်၏ မှတ်တမ်းများလွှဲပြောင်းပေးအပ်ခြင်းကို ဆောင်ရွက်ခဲ့ရာ (HSU LATT) ဆောက်လုပ်ရေးကုမ္ပဏီ မန်နေဂျာ ဦးမြင့်ဦးမှ လွှဲပြောင်းပေးအပ်ခဲ့ရာ ခရိုင်ပညာရေးမှူးရုံး၊လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမင်းခင်က လက်ခံခဲ့ပြီး  အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးကောင်းစံလင်း၊ ခရိုင်စီမံခန့်ခွဲရေးအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီးစံရွှေ၊ ခရိုင်ရဲတပ်ဖွဲ့၊ ဒုတိယရဲမှူးကြီး မိုးကျော်ဟိန်း၊ နှင့်ခရိုင်အဆင့်ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ (HSU LATT) ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများ၊အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ဆရာ၊ ဆရာမ၊ ကျောင်းကော်မတီဝင်များ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)