ထားဝယ် ဖေဖော်ဝါရီ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း မီးဘေးအန္တရာယ်နှင့် အခြားသောသဘာဝဘေးအန္တရာယ် ကျရောက်လာပါက အထိရောက်ဆုံးနှင့် အမြန်ဆုံးကယ်ဆယ်ရေး လုပ်ငန်းများ တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန်အတွက် မီးသတ်ဦးစီးဌာနမှ ဦးစီး၍ မီးသတ်တပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ယာဉ်ထိန်းရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ဇဗ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့၊ ဈေးအကျိုးတော်ဆောင်များနှင့် ဈေးသူ/သားများ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ စည်ပင်သာယာဈေးကြီး၌ မီးဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်သည်။
ယခုအခါသည် ပူပြင်းခြောက်သွေ့သော ရာသီဥတုသို့ ရောက်ရှီလာပြီဖြစ်သဖြင့် ရာသီဥတုကြောင့်လည်းကောင်း၊ ကူးစက်မီး၊ ပေါ့ဆမီး၊ မသမာသူများ၏ရှို့မီး၊ လျှပ်စစ်မီး၊ လောင်စာဆီမီး၊ ဓာတုပစ္စည်း၊ ဓာတုမီးများကြောင့်လည်းကောင်း၊ စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးများ၊ မီးလောင်ဆုံးရှုံးမှုမှ ကာကွယ်တားဆီးနိုင်ရေးအတွက် စသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ရခြင်း ဖြစ်သည်။
ဇာတ်တိုက်လေ့ကျင့်ရာတွင် မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ပူးပေါင်းအဖွဲ့များက မီးငြှိမ်းသတ်ယာဉ်၊ လှေကားတင်ယာဉ်၊ ရေသယ်ယာဉ်၊ လူနာကူညီသယ်ဆောင်ရေးယာဉ်များဖြင့် အလျင်အမြန် ရောက်ရှိနေရာယူကြပြီး မီးဘေးသဏ္ဍာန်တူဈေး အဆောက်အဦအား မီးငြှိမ်းသတ်ခဲ့ကြပြီး ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများအား အသုံးပြု၍ ကယ်ဆယ်ခြင်းလုပ်ငန်းများကို လျင်မြန်စွာ ပြင်ဆင်ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် မီးလောင်ပြီးသည့်နှင့် တစ်ပြိုင်နက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ဈေးအဆောက်အဦအတွင်း ပိတ်ဆို့ဖိမိနေသူများအား လိုက်လံရှာဖွေပြီး ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသုံးပြု၍ အဆောက်အဦ အပြင်ဘက်သို့ လျင်မြန်စွာ ကယ်ထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ဒဏ်ရာရရှိသူများကို လွှဲပြောင်းပေးအပ်ရာ ကြက်ခြေနီ အဖွဲ့ဝင်များ၊ အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များမှ ဆက်လက်သယ်ဆောင်၍ ရှေးဦးပြုစုခြင်းနှင့် အရေးပေါ် နှလုံးနှိုးဆွ အသက်ရှူနည်းဖြင့် ပြုစုပေးခဲ့ကြပြီး ကယ်ဆယ်ရေးယာဉ်ဖြင့် တင်ဆောင်၍ နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခြင်းတို့ကို အချိန်တိုအတွင်း အလျင်အမြန် ပြီးစီးရန် ဇာတ်တိုက်လေ့ကျင့်ခဲ့သည်။
ထို့နောက် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ဈေးသူ/သားများအား မီးငြိမ်းသတ်နည်း လက်တွေ့သရုပ်ပြခဲ့ကြောင်း သတင်းရသည်။
ကျော်ကျော်လတ်