မင်းလှ ဖေဖော်ဝါရီ ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဈေးအားလုံးမှ ဈေးသူဈေးသားများနှင့် မြို့နေပြည်သူများမီးဘေးအန္တရာယ် ကင်းဝေးပြီး အေးချမ်းစွာ ဈေးရောင်းဈေးဝယ်ခြင်းများ ဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်၍ ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၁၀ နာရီက မင်းလှမြို့မဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။
မီးဘေးကာကွယ်ရေး သရုပ်ပြလေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန်မီးသတ်တာဝန်ခံ ဦးစိန်ဝင်းတို့ ပူးပေါင်းကာ မြို့မဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ကားများဖြင့် သရုပ်ပြရေဖြန်း မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူး လက်တွေ့အသုံးပြုပြသခြင်း၊ ဂက်(စ်)မီးငြှိမ်းသတ်နည်းတို့ကို သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခဲ့သည်။
အဆိုပါ သရုပ်ပြဇတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးလှဌေး၊ စည်ပင်သာယာ ရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်သီတာဝင်းနှင့် ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များနှင့် ဈေးသူဈေးသားများ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)