သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးလှမိုး သဲကုန်းမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမအသင်းသားတောင်သူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

သဲကုန်း ဖေဖော်ဝါရီ ၁၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ကန်နှစ်ဆင့်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ သဲကုန်းမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သမဝါယမအသင်းသားတောင်သူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ရှေးဦးစွာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက စားရေရိက္ခာဖူလုံစေရန်အတွက် လယ်ယာစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် သတ်မှတ်ပန်းတိုင်အထွက်နှုန်းတိုးတက်စေရန် အရည်အသွေးပြည့်မီသော စိုက်ပျိုးရေးထုတ်ကုန်များရရှိစေရန် အတွက်ဒေသခံတောင်သူများအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ကြရန်နှင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း လိုအပ်သောအထောက်အပံ့များ ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ချောစုလှိုင်က မိမိတို့ဝန်ကြီးဌာနမှ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းကိုအခြေခံသည့်ကျေးလက်နေပြည်သူများ တစ်မိသားစုချင်း၏ လူမှုစီးပွားဘဝမြင့်မားရေး၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးနိုင်ရေး၊ မိသားစုဝင်ငွေတိုးပွားရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက ကံနှစ်ဆင့်ကျေးရွာရှိ သမဝါယမအသင်းသားတောင်သူများအတွက် ဆန်အိတ် (၂၅၀) ၊ ငွေကျပ်သိန်း(၁၅၀)နှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ရာ သမဝါယမအသင်းသားတောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး၊ သမဝါယမအသင်းသားတောင်သူများမှ လိုအပ်သည်များတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အတူညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။

ကိုကျော် (သဲကုန်း)