စစ်တွေ ဖေဖော်ဝါရီ ၁၅
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ်၊ ဆေးသမားကြီးIDP စခန်းတွင် အဆောက်အဦများနှင့် ရေတုံကင်များ တပ်ဆင်ပေးခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ ရှင်းလင်းဆောင်၌ စစ်တွေတပ်နယ်မှ ဆောက်လုပ်ရေးတာဝန်ခံက ဆေးသမားကြီးIDP စခန်းတွင် သစ်တိုင်၊ ထရံကာ၊ သွပ်မိုးဖြင့် အလျား (၄၅) ပေ၊ အနံ(၃၀) ပေ အဆောက်အဦ (၁၈)လုံး ဆောက်လုပ်ခြင်း၊ ရေတုံကင်(၁၈) လုံးတပ်ဆင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက အဆောက်အဦများနှင့် ရေတုံကင်များ တပ်ဆင်ပေးခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးနေမှုနှင့် စခန်းအတွင်းရှိ ပြည်သူများအား ပြန်လည်နေရာချထားမည့် အစီအမံများကို ဖြည့်စွက်ရှင်းလင်း တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများက ဦးဆောင်ကာ စနစ်တကျ နေရာချထားနိုင်ရေး၊ မီးဘေးလုံခြုံရေးအတွက် အသိပညာပေးဟောပြောနိုင်ရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လိုအပ်သော ပစ္စည်းများ စနစ်တကျ စီမံထားရှိနိုင်ရေး အလေးပေးဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စခန်းအတွင်း အဆောက်အဦများ ဆောက်လုပ်ပြီးစီးနေမှု၊ ရေတုံကင်များ တပ်ဆင်ပြီးစီးနေမှုနှင့် ရေရရှိနေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)