မြစ်သားမြို့နယ်၌ ငှက်ပျောဈေးကွက် ကောင်းမွန်လာသဖြင့် တိုးချဲ့စိုက်ပျိုးလုပ်ကိုင်သူများပြားလာ

မြစ်သား ဖေဖော်ဝါရီ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကျေးလက်ဒေသများတွင် ကင်းတားရေလွှဲဆည်ရေနှင့် မြေအောက်ရေကို အမှီပြုကာ ငါးဆူအုပ်စု၊ ရွှေကြာအင်းကျေးရွာတောင်သူ ဦးဝင်းမောင်၏ ဖီးကြမ်းငှက်ပျောစိုက်ခင်း အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ဖီးကြမ်းငှက်ပျော ဈေးကောင်းမွန်လာသည့်အတွက် ဖီးကြမ်းငှက်ပျော စိုက်ပျိုးရေးလုပ်ငန်းကို ယခုနှစ်တွင် ပိုမိုတိုးချဲ့စိုက်ပျိုးလုပ်ကိုင် သူများလာကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ငှက်ပျောသီးနှံ စိုက်ပျိုးရေးလုပ်ငန်းသည် သားတက်ဖြင့် မျိုးပွားခြင်း၊ အပင်တစ်သျှူး မျိုးပွားခြင်းစသည့် နည်းလမ်းများဖြင့် မျိုးပွား၍ စိုက်ပျိုးနိုင်သည်။ သားတက်ကို အပင်ခြေမှ ၂ ပေခန့်ချန်၍ ၃၊ ၄ ရက်ခန့် အရိပ်အောက်မှာ ခေတ္တအခြောက်ခံထားပြီး စိုက်ပျိုးချိန်တွင် စိုက်ပျိုးမည့် ကျင်းအတွင်း စပါးခွံ၊ မြေဆွေး၊ သစ်ရွက်ဆွေး၊ နွားချေးတို့ကို မြေသားနှင့် ရောနှော၍ စိုက်ပျိုးရကြောင်း သိရသည်။ ငှက်ပျောစိုက်ပျိုးပြီးချိန် ပေါင်းမြက်များ ရှင်းလင်းရာတွင်လည်း ငှက်ပျောပင်၏ အမြစ်ထိခိုက်မှု မရှိစေရန် အထူးဂရုပြု ရှင်းလင်းဆောင်ရွက်ပေးခြင်း၊ မိုးရာသီကာလ ရေစိမ့်ဆင်းမှုကောင်းစေရန် အပင်ခြေရေမဝပ်အောင် ငှက်ပျောပင်စည်ခြေကို မြေဖို့ခြင်း၊ ခြောက်သွေ့ဆွေးမြေ့နေသော အရွက်များကို စနစ်တကျ ဖယ်ရှားရှင်းလင်းပေးခြင်း စသည်တို့ဖြင့် ငှက်ပျောပင်များအား စိုက်ပျိုးထားသင့်ကြောင်း သိရသည်။  

မြစ်သားမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည်  တစ်နှစ်ပတ်လုံးစိုက်ပျိုးရေး လုပ်ကိုင်လျက်ရှိရာ အဓိကစိုက်ပျိုးသည့် သီးနှံများဖြစ်သော စပါး၊ နှမ်း၊ ကုလားပဲ၊ ပဲတီစိမ်း၊ နေကြာ၊ မြေပဲသီးနှံ၊ ကြက်သွန်နှင့် စားပင်သီးနှံမျိုးစုံတို့ကို စိုက်ပျိုးကြကြောင်း စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်ရာ၌ ဝင်ငွေများတိုးပွားစေရန်အတွက် ဖီကြမ်းငှက်ပျော စိုက်ပျိုးလုပ်ငန်းကိုလည်း လုပ်ကိုင်လျက်ရှိရာ ဖီးကြမ်းငှက်ပျောက စျေးကွက်မှာစားသုံး သူများအကြိုက်တွေ့သဖြင့် စျေးလည်းပိုရရှိသည့်အပြင် လှည်းတစ်စီး ၄၀ ဆယ်ခိုင်ပါစျေးနှုန်းမှာ ၈ သိန်း ကျပ်ရောင်းချရကြောင်း ဒေသခံငှက်ပျောစိုက်ပျိုး တောင်သူ ဦးဝင်းမောင်ထံမှ သိရသည်။

ဝါဝါမြင့် (မြစ်သား)