ကချင်ပြည်နယ်ဝန်ကြီးချုပ် သွေးဖောင်ဒေးရှင်း၏ အကြိမ်(၂၀)နှင့်အထက် စေတနာသွေးလှူရှင်များအား ဂုဏ်ပြုချီးမြှင့်ပွဲသို့ တက်ရောက်

မြစ်ကြီးနား ဖေဖော်ဝါရီ ၁၁

မြန်မာနိုင်ငံသွေးလှူရှင်များနေ့ အထိမ်းအမှတ်အဖြစ် သွေးဖောင်ဒေးရှင်း (ကချင်ပြည်နယ်) က အကြိမ် (၂၀)နှင့်အထက် စေတနာသွေးလှူရှင်များအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြစ်ကြီးနားမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း နိုင်ငံ့ဂုဏ်ရည်ခန်းမ၌ ကျင်း ပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အားပေး ချီးမြှင့်သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က စေတနာ့ဝန်ထမ်း သွေးလှူရှင်များ၏ ကိုယ်ကျိုးမဖက်သော ဇီဝိတဒါနလှူဒါန်းခြင်းကို အထူးပင်ကျေးဇူးတင် အသိအမှတ်ပြုသည့်အနေဖြင့် ယခုလိုဂုဏ်ပြုပွဲများကို ပြုလုပ်ကျင်းပပေးခြင်းဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ဝမ်းမြောက်ဝမ်းသာဂုဏ်ယူပါကြောင်း၊ ထို့အပြင် ပုံမှန်သွေးလှူဒါန်းခြင်း၊ သွေးလှူဒါန်းပွဲများ ကျင်းပခြင်းဖြင့် ဘေးကင်းသော လူ့အသက်ကယ်နိုင်သော သွေးနှင့်သွေးရည်ကြည်များကို လိုအပ်သည့်အချိန်တွင် လူတိုင်းလက်လှမ်းမီရေရှိနိုင်မည်ဖြစ်သည့်အတွက် မိမိတို့ကိုယ်တိုင် စေတနာအလျှောက် လှူဒါန်းသကဲ့သို့ အခြားသူများကိုလည်း တိုက်တွန်းစည်းရုံးကြရန် လိုအပ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။

ထို့နောက် သွေးဖောင်ဒေးရှင်း (ကချင်ပြည်နယ်) ၏ အလုပ်အမှုဆောင်က သွေးဖောင်ဒေးရှင်း၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ကျေးဇူးတင်စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖောင်ဒေးရှင်းရှေ့လူပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန်အတွက် အလှူငွေကျပ် ၁၀ သိန်းကို ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ စေတနာသွေးလှူရှင်များအား ဂုဏ်ပြုချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က သွေးလှူဒါန်းသည့် အကြိမ်ရေ (၁၀၀) နှစ်ဦးအပါအဝင် အကြိမ် (၂၀) နှင့်အထက် စေတနာသွေးလှူရှင်များ (၆၈) ဦး တို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ လာချိဒ်စာပေနှင့်ယဉ် ကျေးမှုဗဟိုကော်မတီ၏ လုံမိုးအဆင့်မြင့်ဧည့်ရိပ်သာဖွင့်ပွဲ အခမ်းနားသို့တက်ရောက်ပြီး လာချိဒ်စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံအားပေးအမှာ စကားပြောကြားသည်။

ဆက်လက်၍ လာချိဒ်စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က စာပေနှင့်ယဉ်ကျေးမှုကော်မတီ၏ လုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ရန်ပုံငွေရရှိ ရေးဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က အဆင့်မြင့်ဧည့်ရိပ် သာဖွင့်ပွဲတွင် ပါဝင်ကူညီသူများအား ကျေးဇူးတင်ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး လုံမိုးအဆင့်မြင့် ဧည့်ရိပ်သာအား ဆုတောင်းဆက်ကပ်အပ်နှံပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီတာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က ဧည့်ရိပ်သာအားဖွင့်လှစ်ပြီး ဧည့်ရိပ်သာအတွင်း ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် လာချိဒ်တိုင်းရင်းသားမျိုးနွယ်စုများ၏ ရိုးရာအကကို အတူတကွဆင်နွှဲခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖွင့်ပွဲအခမ်းအနားအတွက် ချီးမြှင့်ငွေများကို ထောက်ပံ့လှူဒါန်းကာ လာချိဒ် ရိုးရာအစဉ်အလာဖြင့် မိတ်ဆက်ခြင်းကို လက်ခံခဲ့ကြသည်။

ထို့အပြင် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဒေသအသီးသီးမှ ယာယီတိမ်းရှောင်စခန်းနေပြည်သူများ မိုးမကျမီ အမိုး အကာလုံခြုံစွာဖြင့် ရေ၊ မီးပြည့်စုံစွာ နေထိုင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ တပ်ကုန်း(ကြာရာပ္ပတီး-အေ)ရပ်ကွက်အတွင်းရှိ အမှတ်(၁၀)အေဂျီအသင်းတော်ဝင်းအတွင်း ယာယီစခန်းဖွင့်လှစ်နေထိုင်လျက်ရှိသော ဆော့လော်မြို့နယ် လန်ဆယ်ကျေးရွာမှ အိမထောင်စု ၁၂၃ စုနှင့် သွားရောက်တွေ့ဆုံပြီး စခန်းတာဝန်ခံက စခန်းနေမိသားစုများ၏ ရေ၊ မီးနှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကိုတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ယာယီနေအိမ်တန်းလျားများ တိုးချဲ့ဆောက်လုပ်ပေးနိုင်ရေး၊ လျှပ်စစ်မီးအတွက်နေရောင်ခြည်စွမ်းအင်သုံး ဆိုလာတပ်ဆင်အသုံးပြုနိုင်ရေးနှင့် သောက်သုံးရေ၊ ချိုးရေရရှိရေးတို့အတွက် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် အိမ်ထောင်စုများအတွက် မီးလင်းရေး ငွေကျပ် ၇၁ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကာ အားပေးအမှာစကားပြောကြားခဲ့ပြီး ကျန်းမာရေးဌာနမှ စခန်းနေမိသားစုများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါရပ်ကွက်အတွင်းရှိ အေဂျီ အသင်းတော်ပိုင် ဘိုးဘွားရိပ်သာဝင်းအတွင်း ဝိုင်းမော်မြို့နယ် သဲဆာဒီးကျေးရွာမှ လာရောက်ခိုလှုံ နေထိုင်လျက်ရှိသော အိမ်ထောင်စု (၉၆) စုတို့နှင့် သွားရောက်တွေ့ဆုံပြီး စခန်းတာဝန်ခံ၏ လိုအပ်ချက်များတင်ပြမှုအပေါ် အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး မိသားစုများအား အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)